ဗြိတိန် ဘဏ်တွေမှာ FIFAငွေ အသွင်းအထုတ် ပြန်စစ်ဆေး

Image caption FIFA တာဝန်ရှိ ပုဂ္ဂိုလ်တွေကို ဖမ်းဆီးအပြီး သက်သေခံ အချက်အလက်တွေကို သိမ်းဆည်း

ဗြိတိန်နိုင်ငံ အခြေစိုက် Barclays ဘဏ်နဲ့ Standard Chartered ဘဏ်ရဲ့ ဘဏ်ခွဲတွေကနေတဆင့် FIFA နိုင်ငံတကာ ဘောလုံး အဖွဲ့ချုပ် တာဝန်ရှိ ပုဂ္ဂိုလ်တွေက ငွေတွေ အသွင်းအထုတ် လုပ်ခဲ့တာနဲ့ ပတ်သက်လို့ အဲဒီဘဏ်ကြီးတွေမှာ ဌာနတွင်း ပြန်လည် သုံးသပ်မှုတွေ လုပ်နေတယ်လို့ ဘီဘီစီက စုံစမ်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က FIFA အဖွဲ့ချုပ် တာဝန်ရှိ ပုဂ္ဂိုလ်တွေကို FBI အမေရိကန် ထောက်လှမ်းရေးအဖွဲ့က တရားစွဲတဲ့အထဲမှာ HSBC ဘဏ်နဲ့အတူ Barclays နဲ့ Standard Chartered ဘဏ်တွေရဲ့ အမည်တွေကိုပါ ထည့်သွင်းဖေါ်ပြခဲ့ပါတယ်။

အဲဒီဘဏ်တွေအနေနဲ့ကတော့ အမှားအယွင်း တစုံတရာ ကျူးလွန်ခဲ့တာမျိုး မရှိပါဘူး။

Standard Chartered ဘဏ်ကနေတဆင့် ငွေနှစ်ခါ သွင်းခဲ့တဲ့အကြောင်း အဲဒီ အမှုမှာ ထည့်သွင်း ဖေါ်ပြထားတယ်ဆိုတာကို သိရကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ဆေးသုံးသပ်သွားမှာ ဖြစ်ကြောင်း Standard Chartered ဘဏ်က ပြောပါတယ်။

Barclaysနဲ့ HSBC ဘဏ်တွေကတော့ တစုံတရာ တုန့်ပြန် ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

တခါ FIFA ဘောလုံး အဖွဲ့ချုပ်ရဲ့ အဂတိလိုက်စားမှု တွေမှာ အဓိက ပါဝင်သူတွေထဲက တဦးအဖြစ် စွပ်စွဲခံထားရသူ Jack Warner ရဲ့ ဘောလုံးအသင်းတသင်းကို ဒေါ်လာ ၁၀သန်းလောက် ပေးခဲ့ရတယ် ဆိုတာကို တောင်အာဖရိက ဘောလုံး အသင်း တာဝန်ရှိပုဂ္ဂိုလ်တွေက အတည်ပြု ပြောခဲ့ကြောင်း တောင်အာဖရိက သတင်းစာတွေမှာ ဖေါ်ပြထားပါတယ်။

ဒါဟာ ၂၀၁၀ ကမ္ဘာ့ဖလား ပွဲမှာ အိမ်ရှင်နိုင်ငံအဖြစ် တောင်အာဖရိက အရွေးခံရရေးအတွက် လာဘ်ငွေ ဖြစ်တယ်လို့ အမေရိကန် အစိုးရ ရှေ့နေတွေက ပြောပါတယ်။

ဒါပေမယ့် တောင်အာဖရိက ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ Danny Jordaan ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

အမည်မဖေါ်လိုတဲ့ တာဝန်ရှိ ပုဂ္ဂိုလ် တဦးက ဒီငွေတွေဟာ Jack Warnerရဲ့ အဓိက သြဇာညောင်းရာ နေရာ ဖြစ်တဲ့ ကာရစ်ဘီယန်းကျွန်းမှာ ရွှေ့ပြောင်းနေထိုင်နေသူ အာဖရိကန် လူမျိုးတွေအကြား ဘောလုံး လောက ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။