ဆွန်နီဒုက္ခသည်တွေအပေါ် ခွဲခြားဆက်ဆံတယ်လို့ အီရတ်အစိုးရ စွပ်စွဲခံရ

_iraq_ ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန် စစ်ရေး အကြံပေး တွေ ကို အီရတ် တပ်မဟာ ဌာနချုပ် တွေ မှာ သာမက တကယ့် တိုက်ခိုက်ရေး တပ်ရင်း တွေ မှာပါ ပိုမို နေရာ ချထား ဖို့ လို မလို စဉ်းစား သင့်တယ်။

အီရတ် နိုင်ငံ အဲန်ဘာ ဒေသ မှာ ဖြစ်ပေါ် နေတဲ့ တိုက်ပွဲ တွေ ကနေ ထွက် ပြေးလာ ကြရတဲ့ ထောင်ပေါင်း များစွာ သော ဒုက္ခသည် တွေ ဘေးကင်းရာ အရပ် တွေ ဆီ မရောက် နိုင်အောင် အီရတ် အာဏာပိုင် တွေ က တားဆီး ပိတ်ပင် နေတယ် ဆိုပြီး လူ့ အခွင့် အရေး လှုပ်ရှားသူ တွေ က စွပ်စွဲ နေပါတယ်။

ရှီအာ မွတ်ဆလင်မ် တွေ ကြီးစိုး နေတဲ့ အီရတ် အစိုးရ ဟာ ဆွန်နီ ဒုက္ခသည် တွေ ကို ခွဲခြား ဆက်ဆံ နေတာ ဖြစ်တယ် လို့ လူ့ အခွင့်အရေး သမား တွေ က ပြောနေတာ ဖြစ် ပါတယ်။

ဘဂ္ဂဒက် မြို့တော် ထဲ ကို ဝင်ရောက် ဖို့ ကြိုးစား နေတဲ့ စစ်ဘေး ဒုက္ခသည် တွေ ဟာ မြို့ပြင် မှာပဲ အကြီးအကျယ် လမ်းတွေ ပိတ်ဆို့ တားဆီး ထားတာ တွေ နဲ့ တွေ့ကြုံ နေရပါတယ်။

ဒီ အချိန် မှာပဲ၊ အမေရိကန် စစ်ဗိုလ်ချုပ် ဟောင်း ဖြစ်တဲ့ ဒေးဗစ် ပေါ်ထရေးရပ်စ် က အီရတ် နိုင်ငံထဲ က အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ ကို ရင်ဆိုင်ရာ မှာ ကျင့်သုံး နေတဲ့ အမေရိကန် ရဲ့ စစ်ရေး မဟာဗျုဟာ တွေ ကို ပြောင်းလဲ ဖို့ လိုတယ် ဆိုပြီး ဘီဘီစီ နဲ့ တွေ့ဆုံတုန်း မှာ ပြောခဲ့ ပါတယ်။

အီရတ် အစိုးရ နဲ့ ပူးပေါင်း ဆောင်ရွက် ရာမှာ စစ်ရေး နဲ့ နိုင်ငံရေး နှစ်ခု စလုံး မှာ အမေရိကန် အနေနဲ့ တိုးမြှင့် ဆောင်ရွက် ဖို့လိုတယ် လို့ ဗိုလ်ချုပ်ကြီးဟောင်း ပေါ်ထရေးရပ်စ် က ပြောတာပါ။

ပြန်လည် သုံးသပ်ရမယ့် ကိစ္စချင်းရာ တွေ ထဲ မှာ အမေရိကန် စစ်ရေး အကြံပေး တွေ ကို အီရတ် တပ်မဟာ ဌာနချုပ် တွေ မှာ သာမက တကယ့် တိုက်ခိုက်ရေး တပ်ရင်း တွေ မှာ ပါ ပိုမို နေရာ ချထား ဖို့ လို မလို ဆိုတဲ့ အပေါ် စဉ်းစားသင့်တယ် လို့ ပြောပါတယ်။

ဗိုလ်ချုပ်ကြီး ပေါ်ထရေးရပ်စ် ဟာ ၂၀၀၇ ခုနှစ် တုန်းက အီရတ် နိုင်ငံ အတွင်း သူပုန် တွေကို နှိမ်နှင်း ရေး စီမံကိန်း တွေ ကို အောင်အောင်မြင်မြင် လုပ်ဆောင် နိုင်ခဲ့သူ တစ်ဦး အဖြစ် သတ်မှတ် ခံထားရသူ ဖြစ်ပါတယ်။

တခါ၊ ဆီးရီးယား နိုင်ငံ မြောက်ပိုင်း မှာတော့ IS အဖွဲ့ အပေါ် သစ္စာခံတဲ့ တပ်တွေ ဟာ နယ်မြေ တွေ ပိုမို သိမ်းပိုက် နိုင်နေ ပါတယ်။

ဆိုရန် အဇတ် ဆိုတဲ့ မြို့ အပါအဝင် အနီးအနား ကျေးရွာ ၂ ခု ကနေ ပြိုင်ဘက် သူပုန်တပ်ဖွဲ့ ကို တိုက်ထုတ် လိုက် နိုင် တဲ့ အတွက် IS တွေ ရဲ့ စိုးမိုး နယ်မြေ ဟာ အခုဆို တူရကီ နယ်စပ် အနား ပိုမို နီးကပ် လာပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ