အီရတ်ကူငွေ လိုငွေပြနေပြီ လို့ ကုလသမဂ္ဂပြော

  • 1 ဇွန် 2015
izadi_iraq_304x171
Image caption အီရတ် ဒုက္ခသည်စခန်း

အီရတ်နိုင်ငံ အတွက် ကုလသမဂ္ဂ နဲ့ အဖွဲ့ဝင် နိုင်ငံတွေ အကူ ထည့်ဝင်ငွေ တွေ ဟာ မလုံ မလောက် နိုင်အောင် ဖြစ်နေ လို့ နောက်ထပ် အကူငွေ ရံပုံငွေ ထည့်ဝင်မှု မရှိရင် ကုလသမဂ္ဂ အနေနဲ့ အကူငွေ ဖြတ်တောက်မှု ဒါမှမဟုတ် ကူညီ ပံ့ပိုးမှု တွေ ကို ထက်ဝက် လျှော့ချ ရတဲ့ အထိ လုပ်ရမဲ့ အခြေအနေ ရောက်နေပြီ လို့ သတိပေးစကား ပြောကြား လိုက်ပါတယ်။ အီရတ် နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ရဲ့ လူသားချင်း ကူညီမှု ညှိနှိုင်းရေး အရာရှိ လီဇာ ဂရန့် က အကြမ်းဖက် တိုက်ပွဲတွေ ကနေ တိမ်းရှောင် လာကြတဲ့ စစ်ပြေးဒုက္ခသည် တွေ အတွက် အရေးပေါ် ထောက်ပံ့ရေး ပစ္စည်းတွေ လျော့နည်း သွားပြီ ဖြစ်လို့ အခု ဆိုရင် စားနပ် ရိက္ခာ ခွဲတမ်း ကို လျှော့ချ နေရပြီ ဖြစ်ကြောင်း ပြောပါတယ်။

လာမဲ့ ဇွန်လ ၄ ရက်နေ့ မှာတော့ ဘရပ်ဆဲလ်မြို့တော်ရှိ ဥရောပ ပါလီမန် မှာ အီရတ် ပြည်သူတွေ ရဲ့ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက် လိုအပ်တဲ့ အကူငွေ အမေရိကန်ဒေါ်လာ သန်း၅၀၀ ကို ကုလသမဂ္ဂ အနေနဲ့ တင်ပြ မေတ္တာရပ်ခံ ဖို့ ရှိပါတယ်။ အခုလို တောင်းခံ ရခြင်းကလည်း သန်းနဲ့ ချီတဲ့ စစ်ပြေးဒုက္ခသည်တွေ အတွက် အရေးပေါ် အကူငွေ အပူတပြင်း လိုအပ်နေလို့ ဖြစ်ပါတယ်။ တကယ် လို့ မရရင်တော့ လာမဲ့ လပိုင်း အတွင်းမှာ လုပ်ငန်းတွေ ရပ်ပစ် ဖို့ပဲ ရှိပါတယ် လို့ ပြောတာပါ။ အတိဒုက္ခ ရောက်နေကြတဲ့ အီရတ် ပြည်သူတွေ ဟာလည်း ဒီနှစ်ကုန်ပိုင်း ရောက်ရင် ၁၀ သန်း အထိ လူဦးရေ တိုးဖို့ ရှိကြောင်း ကုလသမဂ္ဂ ရဲ့ လူသားချင်းကူညီမှု ညှိနှိုင်းရေး အရာရှိ လီဇာ ဂရန့် က ရှင်းပြပါတယ်။

အီရတ်မှာ ရာမာဒီ မြို့ နဲ့ တချို့ မြို့တွေ ပါ အိုင်အက်စ် အစ္စလာမ်မစ် နိုင်ငံ လက်နက်ကိုင် အဖွဲ့တွေ ရဲ့ လက်အောက် ကျကုန်တဲ့ အတွက် ဒုက္ခသည် အရေအတွက် လည်း ပိုများ လာခဲ့ပါတယ်။ ဒါကြေင့်မို့ နိုင်ငံပေါင်း နှစ်ဆယ် က နိုင်ငံခြားရေး ဝန်ကြီးတွေ ဟာ ပြင်သစ် မှာ တွေ့ဆုံ ကြယင်း အိုင်အက်စ် အဖွဲ့ နှိမ်နင်းရေး ဆွေးနွေး တိုင်ပင် ဖို့ ရှိပါတယ်။ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဖိလစ်ဟမ်မွန် လည်း ပါဝင် ပါတယ်။

အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် တပ်ဖွဲ့ရဲ့ လေကြောင်း စစ်ဆင်ရေးတွေ အောင်မြင်မှု မရှိတဲ့ အကြောင်း လည်း ဆွေးနွေးကြဘွယ်ရှိပါတယ်။ အီရတ် အစိုးရ အနေနဲ့လည်း အာဏာပိုင်တွေ က ရှားမွတ်ဆလင် အများစု၊ အီရန် က လည်း ရှားပြည်သူ့စစ်တွေ နဲ့ အကူအညီ ပေးပေမဲ့ အီရတ် နိုင်ငံ အတွင်းရှိ ဆွန်နီ မွတ်ဆလင် နဲ့ အိုင်အက်စ် ဆွန်နီ တွေ အကြား အယူဝါဒ အစွဲတွေ ကြောင့် အကျဉ်းအကျပ် ထဲ ရောက်နေတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် လူစီ ဝီလီယံဆင် က သတင်းပေးပို့လိုက်ပါတယ်။