ဆီးရီးယား ကလေးစစ်သားတွေအကြောင်း ဘီဘီစီ တွေ့ရှိ

  • 1 ဇွန် 2015
Image caption ကလေးစစ်သားတွေကို IS အဖွဲ့က ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတယ်လို့ ကုလ ပြော။

ဆီးရီးယား နိုင်ငံမှာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့နဲ့ သူပုန်အဖွဲ့တွေက ကလေးတွေကို စစ်သားအဖြစ် စုဆောင်းတာတွေနဲ့ အဲဒီ ကလေးစစ်သား တွေကို နှိပ်စက် ညှဉ်းပမ်းမှုတွေ လုပ်နေတာနဲ့ ပတ်သက်ပြီး ဘီဘီစီက စုံစမ်း တွေ့ရှိခဲ့ပါတယ်။

ဆယ်ကျော်သက် လူငယ် တစ်ယောက်က သူဟာ ဆယ့်ငါးနှစ် အရွယ်မှာ အယ်လ်ခိုင်ဒါနဲ့ ဆက်စပ်တဲ့ Nusra Front သူပုန် အဖွဲ့အတွက် တိုက်ခိုက် သတ်ဖြတ်မှုတွေ ဘယ်လို လုပ်ခဲ့တယ် ဆိုတာ ဘီဘီစီကို ပြောပြခဲ့ပါတယ်။

ဆီးရီးယားမှာ ရှိတဲ့ အဖွဲ့တိုင်းက စစ်သားသစ် စုဆောင်းဖို့အတွက် ကလေးတွေကို ပစ်မှတ် ထားကြတယ် လို့လည်း သူက ပြောပါတယ်။

အဲဒီ လူငယ်က နောက်ပိုင်း IS အဖွဲ့ထဲကို ရောက်သွားခဲ့ပြီး အဲဒီမှာတော့ ၁၃ နှစ်သားတွေကို IS အဖွဲ့က လေ့ကျင့်ပေးနေတာ သူတွေ့ခဲ့တယ်လို့ ပြောပါတယ်။ ခေါင်းဖြတ်သတ်တဲ့ ဗီဒီယိုတွေကို ကလေးတွေကို ကြည့်ခိုင်းပြီး သတ်ဖြတ်မှုတွေမှာ ပါဝင်ကြဖို့ လှုံ့ဆော်ပေးကြတယ် လို့လည်း သူက ဆိုပါတယ်။

နောက်ထပ် လူငယ် တစ်ယောက်ကတော့ IS အဖွဲ့ကို ဗုံးခွဲ တိုက်ခိုက်ဖို့ ကြိုးစားမှုအတွင်း အဖမ်းခံခဲ့ရချိန်က ၁၄ နှစ် အရွယ်သာ ရှိသေးပြီး အဲဒီအချိန်က IS အဖွဲ့ရဲ့ နှိပ်စက် ညှဉ်းပမ်းမှုတွေကို ခံခဲ့ရတယ်လို့ ဘီဘီစီကို ပြောပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ