ယန်စီမြစ်အတွင်း သင်္ဘောနစ်မြုပ်၊ ရာနဲ့ချီ ပျောက်ဆုံးနေ

ဓာတ်ပုံ မူပိုင် AFP
Image caption သင်္ဘောပေါ်မှာ သက်ကြီးပိုင်း ခရီးသည် အများစု လိုက်ပါသွား။

တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်က ယန်စီ မြစ်ထဲမှာ လူ ၄၅၆ ဦး တင်ဆောင်လာတဲ့ ခရီးသည်တင် သင်္ဘော တိမ်းမှောက် နစ်မြုပ်ခဲ့ရာမှာ ခုချိန်ထိ အတည်ပြုနိုင်တဲ့ သေဆုံးသူ ၅ ဦး ရှိသွားပြီး ရာနဲ့ချီ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

Eastern Star ဆိုတဲ့ အဲဒီ သင်္ဘောဟာ တနင်္လာနေ့ ညပိုင်းက မုန်တိုင်းကြောင့် နစ်မြုပ်ခဲ့တာ ဖြစ်ပြီး ခုချိန်ထိ သင်္ဘော ကပ္ပတိန်နဲ့ အင်ဂျင်နီယာချုပ် အပါအဝင် လူ ၁၅ ယောက်ကို ဆွဲထုတ် ကယ်ဆယ် နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သင်္ဘော နစ်မြှုပ်စဉ် ခရီးသည် အများအပြားက အိပ်ပျော်နေကြတယ်လို့သိရပြီး သင်္ဘော ဝမ်းထဲမှာ ပိတ်မိနေသူ တွေကိုလည်း ကယ်ဆယ်ရေး သမားတွေက ဆက်လက် ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။

သင်္ဘော နစ်မြုပ်ချိန်က အရေးပေါ် အချက်ပြမှုကို ပို့လွှတ်ခဲ့ခြင်း မရှိဘဲ ရေထဲမှာ ကမ်းဘက်ကို ကူးခတ် နေသူတွေကြောင့် သင်္ဘောနစ်မှန်း သိကြရတာ ဖြစ်ပါတယ်။

တခြား သတင်းတွေအရ နစ်မြုပ်သွားတဲ့ သင်္ဘောကပ္ပတိန်ကို တခြား သင်္ဘော တစ်စီးက ရေထဲကနေ ကယ်ဆယ် ခဲ့ပြီးနောက် အာဏာပိုင်တွေကို အကြောင်းကြားခဲ့တာ လို့လည်း ဆိုပါတယ်။

သင်္ဘောပေါ် ပါသွားတဲ့ ခရီးသည် အများစုဟာ အသက် ၅၀ မှ ၈၀ ကြား သက်ကြီးပိုင်း ခရီးသည်တွေ အများစု ဖြစ်ပြီး နန်ကျင်း မြို့ကနေ ချုန်ကျင်း မြို့အထိ ကီလိုမီတာ ၁၅၀၀ ကျော်တဲ့ ခရီးရှည်ကြီးကို စီးနင်း လိုက်ပါကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ