ဖီဖာ ခြစားမှု၊ ဘလတ္တာရဲ့ လက်ထောက် ငြင်းဆို

ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်လာ ၁၀ သန်း ရယူမှုမှာ အမှားမလုပ်ခဲ့ကြောင်း မစ္စတာ Valcke က ငြင်းဆို။

ဖီဖာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဆပ် ဘလတ္တာရဲ့ ထိပ်တန်း လက်ထောက် ဖြစ်တဲ့ အတွင်းရေးမှူးချုပ် Jerome Valcke က သူဟာ လာဘ်ပေးငွေတွေကို အဓိက လက်ခံသူ ဖြစ်တယ် ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေကို ငြင်းပယ် လိုက်ပါတယ်။

အမေရိကန် အရာရှိတွေ စွဲဆိုထားတဲ့ ဒေါ်လာ ၁၀ သန်း ရယူခဲ့မှုမှာ Jerome Valcke ဟာ အဓိက တာဝန်ရှိသူ ဖြစ်တယ် ဆိုပြီး နယူးယောက်တိုင်မ်းစ် သတင်းစာနဲ့ တခြား မီဒီယာတွေမှာ ဖော်ပြ ခဲ့ကြတာ ဖြစ်ပါတယ်။

ဖီဖာ အဖွဲ့ချုပ်ကလည်း ဒီကိစ္စမှာ မစ္စတာ Valcke အပါအဝင် တခြား မန်နေဂျာတွေ ပါဝင် ပတ်သက်ခြင်း မရှိဘူးလို့ ငြင်းဆို ထားပါတယ်။

အမေရိကန် အရာရှိတွေရဲ့ စွဲချက်နဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဇူးရစ်ချ်မြို့မှာ အဖမ်းခံခဲ့ရတဲ့ ဖီဖာ အရာရှိ ၇ ယောက်ထဲမှာလည်း မစ္စတာ Valcke ပါဝင်ခြင်း မရှိသလို သူ့အပေါ် တရားဝင် စွဲဆို ထားခြင်းလည်း မရှိပါဘူး။

အလားတူ ဖီဖာ ဥက္ကဋ္ဌ မစ္စတာ ဘလတ္တာလည်း စွဲဆိုခံရသူတွေထဲမှာ မပါဝင်တဲ့အပြင် သောကြာနေ့က ပြုလုပ်ခဲ့တဲ့ ဖီဖာ ဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ငါးကြိမ်ဆက် ဥက္ကဋ္ဌ အဖြစ် ထပ်မံ ရွေးကောက် ခံခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ