တရုတ် သင်္ဘောမှောက်မှု၊ ကယ်ဆယ်ရေး မျှော်လင့်ချက်နည်း

ဓာတ်ပုံ မူပိုင် AFP
Image caption အတည်ပြုနိုင်တဲ့ သေဆုံးသူ ၁၈ ဦးရှိသွားပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေဆဲ။

တရုတ်နိုင်ငံ၊ ယန်စီ မြစ်ထဲမှာ တိမ်းမှောက်ခဲ့တဲ့ ခရီးသည်တင် သင်္ဘော အတွင်းမှာ အသက်ရှင် ကျန်ရစ်သူတွေကို ထပ်မံ တွေ့ရဖို့ မျှော်လင့်ချက် နည်းသွားပြီ ဖြစ်ပါတယ်။

Eastern Star ဆိုတဲ့ ခရီးသည်တင် သင်္ဘောမှာ လူ ၄၅၆ ယောက် လိုက်ပါခဲ့ပြီး တနင်္လာနေ့ ညက ဆိုးရွားတဲ့ ရာသီဥတုကြောင့် တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

အခုချိန်အထိ အတည်ပြုနိုင်တဲ့ သေဆုံးသူ ၁၈ ဦး ရှိသွားပြီး၊ သင်္ဘော ဝမ်းဗိုက်အတွင်း လေခိုနေတဲ့ နေရာမှာ အသက်ရှင်နေခဲ့တဲ့ ၁၄ ယောက်ကိုသာ ဆွဲထုတ် ကယ်ဆယ် နိုင်ခဲ့တယ်လို့ တရုတ် သတင်းဌာနက ပြောပါတယ်။

အသက်ရှင်နေနိုင်သူတွေကို ဆက်လက် ရှာဖွေသွားမယ်လို့ အရာရှိတွေက ပြောပေမယ့် ဒီအဖြစ်ဟာ တရုတ်နိုင်ငံမှာ ဆယ်စုနှစ် များစွာအတွင်း အဆိုးရွားဆုံး သင်္ဘော မတော်တဆမှု ဖြစ်လာဖို့ ရှိနေပါတယ်။

သင်္ဘောပေါ် ပါသွားတဲ့ ခရီးသည်ထဲမှာ အသက် ၅၀ မှ ၈၀ ကြား သက်ကြီးပိုင်း ခရီးသည်တွေ အများစု ဖြစ်ပြီး နန်ကျင်း မြို့ကနေ ချုန်ကျင်း မြို့အထိ ကီလိုမီတာ ၁၅၀၀ ကျော်တဲ့ ခရီးရှည်ကြီးကို စီးနင်း လိုက်ပါကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ