FIFA ခြစားမှု ထွက်ချက် အမေရိကန်ထုတ်ပြန်

  • 3 ဇွန် 2015
fifa Chuck Blazer ဓာတ်ပုံ မူပိုင် AP
Image caption FIFA အမေရိကန် အမှုဆောင်ဟောင်း Chuck Blazer

ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် အတွင်း မကြာခင်က ထွက်ပေါ် လာတဲ့ ခြစားမှု တွေနဲ့ ပတ်သက်ပြီး အမေရိကန် တရားရေး ဌာနက သက်သေ ထွက်ချက် တွေကို ထုတ်ပြန် လိုက်ပါတယ်။

FIFA အမေရိကန် အသင်း အမှုဆောင် Chuck Blazer ရဲ့ သက်သေထွက်ချက် အရ ၂ဝ၁ဝ တုန်းက တောင်အာဖရိကမှာ ကမ္ဘာ့ ဖလား ပြိုင်ပွဲ ကျင်းပဖို့ ရွေးချယ်ရေး ကိစ္စမှာ သူတို့ လာဘ် ယူ ခဲ့တယ်လို့ သိရပါတယ်။

၂ဝဝ၄ ခုနှစ်ကနေ ၂ဝ၁၁ ခုနှစ်ထိ သူနဲ့ တခြား FIFA အမှုဆောင် လူကြီးတွေ ဟာ တောင်အာဖရိက ကမ္ဘာ့ ဖလား ပွဲ အတွက် လာဘ် ယူခဲ့ကြတယ်လို့ Chuck Blazer က ထွက်ဆို ခဲ့ပါတယ်။

သူဟာ ၁၉၉၈ ကမ္ဘာ့ ဖလား ပွဲတုန်းကလည်း လာဘ်ယူခဲ့ဖူးတယ် လို့ အမေရိကန် တရားရေးက ထုတ်ပြန် ပါတယ်။

မစ္စတာ Blazer ကို FBI ထောက်လှမ်းရေး တွေက အခွန် တိမ်းရှောင်မှုနဲ့ ဖမ်းဆီး ထားခဲ့ပြီး သူက ဒီ အမှု ဖော်ထုတ်ရေးမှာ ပူးပေါင်းဖို့ သဘော တူခဲ့တာပါ။

သူက သူ့ လုပ်ဖော်ကိုင်ဘက် တွေဆီက အချက်အလက်တွေ ရဖို့ သော့ချိတ်ထဲမှာ အသံဖမ်းစက် ထည့်ပြီး မှတ်တမ်း ယူခဲ့တယ် လို့ ထွက်ဆိုချက်မှာ ပါပါတယ်။

တခြား Gold Cup လို ဒေသတွင်း ဘောလုံးပွဲတွေမှာလည်း ရုပ်သံနဲ့ မီဒီယာ ရိုက်ကူး ရယူခွင့် စတာတွေနဲ့ ပတ်သက်ပြီး သူတို့ထဲမှာ လာဘ်ပေး လာဘ်ယူမှုတွေ ရှိခဲ့တယ်လို့ မစ္စတာ Blazer ထွက်ဆို ခဲ့ပါတယ်။

ခုတော့ အသက် ၇ဝ အရွယ် မစ္စတာ Blazer ဟာအူမကြီး ကင်ဆာ ဝေဒနာဒဏ် ခံစား နေရပါတယ်။

ဒီထွက်ဆိုချက် တွေဟာ ၂ဝ၁၃ ခုနှစ်က နယူးယော့ တရားရုံး တရုံးက သူ့အမှု ကြားနာချက်တွေကို ဖွင့်ချ ခဲ့တာ ဖြစ်ပါတယ်။

FIFA အရာရှိ တွေရဲ့ ခြစားမှု ပမာဏဟာ နှစ်ပေါင်း ၂ဝ ကျော် အတွင်း ဒေါ်လာ သန်း ၁၅ဝ လောက် ရှိမယ်လို့ အမေရိကန် တရားရေး ဌာနက စွပ်စွဲ ထားပါတယ်။

ဒီအတွက် အရင်တပတ်ကပဲ အမေရိကန်က FIFA အရာရှိ ၁၄ ယောက်ကို တရားစွဲခဲ့ပြီး တခြား ၄ ယောက် ကိုတော့ အရင်ထဲက စွဲဆိုထားတာပါ။

အဲဒိထဲ မစ္စတာ Blazer ပါပါတယ်။

ကမ္ဘာ့ဖလား အိမ်ရှင် ဖြစ်ခွင့်ရဖို့ တောင်အာဖရိက နိုင်ငံက ဒေါ်လာ ၁၀ သန်း လာဘ်ထိုးခဲ့တယ် ဆိုတဲ့ အချက်ကို တောင်အာဖရိက နိုင်ငံက မနေ့ကပဲ ငြင်းဆို ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ