ဖီဖာကို လာဘ်မထိုးခဲ့ကြောင်း တောင်အာဖရိက ငြင်းဆို

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆပ်ဘလတ္တာက ရာထူးကနေ ဆင်းပေးမယ်လို့ အင်္ဂါနေ့က ပြော။

ဖီဖာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်အတွင်း ခြစားမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်က စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေစဉ်မှာပဲ ဒီအမှုရဲ့ အဓိက အကြောင်းအရာ ဖြစ်တဲ့ ၂၀၁၀ ကမ္ဘာ့ဖလား အိမ်ရှင် ဖြစ်ခွင့်ရဖို့ တောင်အာဖရိက နိုင်ငံက ဒေါ်လာ ၁၀ သန်း လာဘ်ထိုးခဲ့တယ် ဆိုတဲ့ အချက်ကို အခုအခါ တောင်အာဖရိက နိုင်ငံက ငြင်းဆို လိုက်ပါတယ်။

တောင်ဖရိက နိုင်ငံရဲ့ အားကစား ဝန်ကြီး Fikile Mbalula က အဲဒီ ဒေါ်လာ ၁၀ သန်းဟာ ကာရေဘီယံ ကျွန်းနိုင်ငံတွေမှာ ရှိနေကြတဲ့ အာဖရိကန်တွေ အတွက် ဘောလုံး အားကစား အထောက်အကူဖြစ်အောင် ပေးခဲ့တာ ဖြစ်ပြီး သူတို့ ကမ္ဘာ့ဖလား အိမ်ရှင် ဖြစ်ခွင့် ဆုံးဖြတ်ချက် ကျပြီးနောက် နှစ်အတန်ကြာမှ ပေးခဲ့တာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဖီဖာ ထိပ်တန်းအရာရှိ ၇ ဦး အပါအဝင် လူ ၁၄ ဦးကို အမေရိကန်က ငွေကြေး မသမာမှုတွေနဲ့ စွဲချက် တင်ခဲ့ပြီးနောက် ဖီဖာ အဖွဲ့ချုပ်ရဲ့ ခြစားမှု အရှုပ်တော်ပုံ စတင် ခဲ့တာပါ။

အင်္ဂါနေ့ကတော့ ၅ ကြိမ်မြောက် ဥက္ကဋ္ဌ အဖြစ် ပြန်အရွေးခံခဲ့ရတာ ရက်ပိုင်းသာ ရှိသေးတဲ့ ဥက္ကဋ္ဌ ဆပ်ဘလတ္တာက သူ့နေရာ ဆက်ခံမယ့်သူ ရွေးချယ်ပြီးရင် ရာထူးကနေ ဖယ်ပေးမယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန် မီဒီယာတွေမှာတော့ ဆပ်ဘလတ္တာကိုလည်း အက်ဘီအိုင်က စုံစမ်း စစ်ဆေးနေတယ်လို့ ဖော်ပြ နေကြပါတယ်။

မစ္စတာ ဆပ်ဘလတ္တာ ကတော့ သူ ဘာမှ အမှားမလုပ်ခဲ့ဘူးလို့ ပြောပါတယ်။

တချိန်တည်းမှာ နိုင်ငံတကာ ရာဇဝတ်မှု နှိမ်နှင်းရေး ရဲတပ်ဖွဲ့ အင်တာပိုလ် ကလည်း ဖီဖာ လာတ်စားမှု အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး သံသယရှိသူ လူ ၆ ယောက် ကို အလိုရှိသူတွေ အဖြစ် ထုတ်ပြန် လိုက်ပါတယ်။

အဲဒီ ၆ ယောက်ထဲမှာ ဖီဖာရဲ့ ဒုတိယ ဥက္ကဋ္ဌဟောင်း ဂျက် ဝါနာလည်း ပါဝင်နေပါတယ်။

ဒီ ၆ ယောက်ကို အမေရိကန် တရားရေး အရာရှိတွေက ပြီးခဲ့တဲ့ သီတင်းပတ်က စွဲချက် တင်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ