ကင်ဆာရောဂါ ကုသဖို့ အလားအလာကောင်းတွေ ပေါ်ထွက်

  • 3 ဇွန် 2015

လူ့ခန္ဓာကိုယ်တွင်း ခုခံအား စနစ် immune system ကိုသုံးပြီး ကင်ဆာရောဂါ တိုက်ဖျက်နိုင်တဲ့ ကုထုံးသစ်တခု ဆေးလောကမှာ ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။

ဒီကုထုံးသစ်ဟာ ကိုယ်တွင်း ခုခံအားစနစ်ကို ပိုမိုအားကောင်းလာအောင် လှုံ့ဆော်ပြီး ကင်ဆာဆဲလ်တွေကို တိုက်ဖျက်တာ ဖြစ်ပါတယ်။

ဓာတ်ခွဲခန်းထဲမှာ ပြုပြင်မွမ်းမံထားတဲ့ ပြင်ပ ပဋ္ဋိပစ္စည်းကိုသုံးပြီး ခုခံအားစနစ်ကို အားကောင်းစေနိုင်တာလည်း ဖြစ်ပါတယ်။

အဲဒီကုထုံးသစ်ဟာ ကီမိုသရပီ ဆေးသွင်းခြင်း၊ ရေဒီယိုသရပီ ဓာတ်ကင်ခြင်း၊ ခွဲစိတ်ကုသခြင်း စတဲ့ ကုထုံးတွေနဲ့အတူ ထိရောက်တဲ့ ကုထုံးအဖြစ် စတင်လက်ခံလာကြပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီနည်းနဲ့ ကင်ဆာရောဂါကို ဘယ်လိုပျောက်ကင်းစေတယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။

ခန္ဓာကိုယ် ခုခံအားစနစ် ဆိုတာဟာ ခန္ဓာကိုယ်တွင်း ဝင်လာတဲ့ ရောဂါပိုးတွေကို ကာကွယ်တိုက်ဖျက်ပေးတဲ့ အင်္ဂါအစိတ်အပိုင်းတွေပါတဲ့ အဖွဲ့ဖြစ်ပါတယ်။

ဒီခုခံအားစနစ်ကို ပိုမိုအလုပ်လုပ်နိုင်အောင် ပြုလုပ်ပေးပြီး ကင်ဆာဆဲလ်တွေကို ဖျက်ဆီးနိုင်မယ့် ကုထုံးကို သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီကုထုံးအသစ်ကို သုတေသီတွေက အချိန်အတော်ကြာ စမ်းသပ်နေခဲ့ကြတာ ဖြစ်ပြီး American Society of Clinical Oncology (ASCO) က အချက်အလက်တွေနဲ့ ထုတ်ပြန်ခဲ့တာကို သတင်းတွေမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်သုတေသီတွေကလည်း melanoma လို့ခေါ်တဲ့ ပြင်းထန်တဲ့အရေပြားကင်ဆာ ကို ဒီကုထုံးနည်းနဲ့ စမ်းသပ်ကုသခဲ့ရာမှာ အရေပြားကင်ဆာတွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ ကျုံ့သွားခဲ့တယ်လို့ဆိုပါတယ်။

ဒီအရေပြားကင်ဆာကို ipilimumab နဲ့ nivolumab ဆိုတဲ့ ဆေးနှစ်မျိုး ပူးတွဲပေါင်းစပ်ပြီး စမ်းသပ်ကုသခဲ့တာ ဖြစ်ပါတယ်။

အဆုပ်ကင်ဆာဖြစ်နေသူ တချို့နဲ့ တခြားကင်ဆာ ရောဂါတွေကိုလည်း ဒီဆေးကုထုံးနဲ့ ကုသခဲ့တဲ့ ရလဒ်တွေအရ ကင်ဆာကျိတ် အမျိုးမျိုးကိုလည်း စမ်းသပ်ကုသနိုင်တော့မှာ ဖြစ်ပါတယ်။

အင်္ဂလန်မှာတော့ Ipilimumab ဆေးကို အရေပြားကင်ဆာအတွက် အခြေခံကုသမှုအနေနဲ့ သုံးစွဲဖို့ အကြံပြုထားပါတယ်။

ဒီလိုကုသရာမှာ ဆေးအာနိသင် သက်ရောက်မှုဟာ တပြေးညီမဟုတ်ဘဲ ကွဲပြားမှုတွေ ရှိနေပါတယ်။

တချို့မှာ သက်ရောက်မှု ကောင်းပေမယ့် တချို့မှာတော့ တုန့်ပြန်မှုမရှိတာ တွေ့ရတယ်လို့ Buckingham ဆေးကျောင်းဆိုင်ရာ တက္ကသိုလ်က ဌာနမှူး ပါမောက္ခ Karol Sikora က ဘီဘီစီကို ပြောပါတယ်။

ဒီလို ဖြစ်ရတာဟာ ကင်ဆာအမျိုးအစား ဒါမှမဟုတ် ကင်ဆာကျိတ်ဆဲလ်တွေမှာ ပါဝင်တဲ့ ပဋ္ဋိပစ္စည်း အရေအတွက်ကြောင့်လားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့လည်း ဆိုပါတယ်။

လောလောဆယ် ကုသမှုခံယူနေစဉ်မှာ ဆေးကြောင့် ဘေးထွက် သက်ရောက်မှုတွေ ရှိနေပြီး ရေရှည်ကုသမှုအတွက်တော့ မသေချာသေးဘူးလို့ ဆိုပါတယ်။

အရေပြားကင်ဆာနဲ့ အဆုပ်ကင်ဆာတွေက စမ်းသပ်အဆင့်မှာ ရှိနေဆဲ ဖြစ်ပြီး တိကျတဲ့ အချက်အလက်တွေ အလွယ်တကူ မရရှိနိုင်သေးဘူးလို့လည်း ဆိုပါတယ်။

Image caption ခန္ဓာကိုယ် ခုခံအားစနစ် ဆိုတာဟာ ခန္ဓာကိုယ်တွင်း ဝင်လာတဲ့ ရောဂါပိုးတွေကို ကာကွယ်တိုက်ဖျက်ပေးတဲ့ အင်္ဂါအစိတ်အပိုင်းတွေပါတဲ့ အဖွဲ့ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အနာဂါတ်မှာ ကင်ဆာရောဂါတွက် အလားအလာကောင်းတွေ ပေါ်ထွက်လာဖို့ တိုးတက်မှုတွေကို မြင်တွေ့နေရပြီ ဖြစ်ပါတယ်။