တရုတ်သင်္ဘောမှောက်မှု၊ အလောင်းတွေ ဒါဇင်နဲ့ချီ ပြန်ရ

ဓာတ်ပုံ မူပိုင် Reuters
Image caption လူ ၄၅၆ ဦးထဲက ၁၄ ယောက်ကိုသာ ကယ်တင်နိုင်ခဲ့။

တရုတ် နိုင်ငံမှာ ယန်စီ မြစ်အတွင်း တိမ်းမှောက် သွားခဲ့တဲ့ ခရီးသည်တင် သင်္ဘောကနေ အခုချိန်အထိ ဒါဇင်နဲ့ချီတဲ့ အလောင်းတွေကို ဆယ်ယူ ရရှိခဲ့ပြီး ဖြစ်ပါတယ်။

သင်္ဘောပေါ်မှာ လူပေါင်း ၄၅၆ ဦး လိုက်ပါခဲ့ပြီး အဲဒီ အထဲက ၁၄ ယောက်ကိုသာ အသက်ရှင်လျက် ကယ်ဆယ် နိုင်ခဲ့ကာ ခုချိန်အထိ လူပေါင်း ၈၀ ကျော်ရဲ့ အလောင်းတွေကို ပြန်ရခဲ့ပါတယ်။

ဒါ့အပြင် ပျောက်ဆုံး နေသူတွေကို မြန်မြန်ဆန်ဆန် ရှာဖွေနိုင်ဖို့အတွက် မှောက်နေတဲ့ သင်္ဘောကို ပြန်တည့်မတ်ဖို့ ကြိုးစားနေတယ်လို့ တရုတ် အာဏာပိုင်တွေက ပြောပါတယ်။

အစောပိုင်းက တရုတ် ခေါင်းဆောင်တွေက ဒီအဖြစ်ဆိုး ပေါ်ပေါက်ရတဲ့ အကြောင်းရင်းကို သေသေချာချာ စုံစမ်း စစ်ဆေးဖို့နဲ့ ကျန်ရစ်သူ ဆွေမျိုးသားချင်းတွေကို စောင့်ရှောက် ကူညီမှုတွေ ပေးဖို့ ပြောခဲ့ကြပါတယ်။

လုံလောက်တဲ့ သတင်းထုတ်ပြန်မှုတွေ မရှိခဲ့လို့ ဒေါသထွက်နေတဲ့ ဆွေမျိုးသားချင်းတွေ ကန့်ကွက် ဆန္ဒပြခဲ့ကြပြီးနောက် တရုတ် ခေါင်းဆောင်တွေက အဲဒီလို ပြောခဲ့ကြတာပါ။

သင်္ဘောပေါ် ပါသွားတဲ့ ခရီးသည်တွေထဲမှာ အသက် ၅၀ ကနေ ၈၀ အကြား သက်ကြီးပိုင်း ခရီးသည်တွေ အများစု ပါဝင်ပြီး နန်ကျင်း မြို့ကနေ ချုန်ကျင်း မြို့အထိ ကီလိုမီတာ ၁၅၀၀ ကျော်တဲ့ ခရီးရှည်ကြီးကို စီးနင်း လိုက်ပါခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ