ဖီဖာ ဒုဥက္ကဋ္ဌဟောင်းက သိသမျှ ထုတ်ဖော်မယ်

ဓာတ်ပုံ မူပိုင် AP
Image caption အသက်အန္တရာယ် စိုးရိမ်ရပေမယ့် သိသမျှ ထုတ်ပြောမယ်လို့ ဂျက်ဝါနာ ဆို။

ဖီဖာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ရဲ့ အဂတိ လိုက်စားမှု အရှုပ်တော်ပုံ တွေနဲ့ ပတ်သက်ပြီး အမေရိကန် တရားရေးဌာနက စွဲဆို ထားသူတွေထဲက အရေးပါသူ တစ်ဦးဖြစ်တဲ့ ဖီဖာ ဒုဥက္ကဋ္ဌဟောင်း ဂျက်ဝါနာက သူသိသမျှကို ထုတ်ဖော် ပြောဆိုဖို့ အဆင်သင့်ပဲလို့ ပြောလိုက်ပါတယ်။

သူ့မိခင်နိုင်ငံ ဖြစ်တဲ့ ထရီနီဒက် ရုပ်သံကနေ ပြောကြားရာမှာ ဂျက်ဝါနာက သူ့အတွက် အသက်အန္တရာယ် စိုးရိမ်ရပေမယ့် ရေငုံနုတ်ပိတ် မနေချင်တော့ကြောင်း ပြောပါတယ်။

သူနဲ့ ဖီဖာ အကြား ငွေလွှဲမှုတွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို သူရဲ့ ရှေ့နေတွေကို ကြည့်ရှုဖို့ ပေးထားကြောင်း ဆိုပါတယ်။ အဲဒီ စာရွက်စာတမ်းတွေ ထဲမှာ ဖီဖာ ဥက္ကဋ္ဌ ဆပ်ဘလတ္တာနဲ့ ပတ်သက်တဲ့ ငွေလွှဲပြောင်းမှုတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

မစ္စတာ ဘလတ္တာနဲ့ ဖီဖာ ဘက်ကတော့ ဘာမှ အမှားအယွင်း မလုပ်ထားတဲ့ အကြောင်း ပြောပါတယ်။

တစ်ချိန်တည်းမှာ တောင်အာဖရိက နိုင်ငံက ၂၀၁၀ ကမ္ဘာ့ဖလား အိမ်ရှင် ဖြစ်ခွင့်ရဖို့ ဒေါ်လာ ၁၀ သန်း ပေးခဲ့ရတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တောင်အာဖရိက ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှုတွေ လုပ်နေပြီလို့ပြောပါတယ်။

တောင်အာဖရိက အားကစားဝန်ကြီးကတော့ လာဘ်ငွေ ပေးခဲ့တာမျိုး မရှိကြောင်း ငြင်းဆို ထားပါတယ်။

တစ်ခါ ဗြိတိန် အားကစားဝန်ကြီး John Whittingdale ကတော့ ဖီဖာ အဖွဲ့ချုပ်မှာ အဂတိ လိုက်စားခဲ့တဲ့ အထောက်အထားတွေ ခိုင်မာပြီဆိုရင် ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်နေရာတွေအတွက် ရွေးချယ်မှုတွေ ပြန်လုပ်သင့်တယ်လို့ ပြောလိုက်ပါတယ်။

ဖီဖာက အဲဒီ ကမ္ဘာ့ဖလားပွဲတွေအတွက် အိမ်ရှင် နေရာတွေကို ရုရှားနဲ့ ကာတာတို့ကို ရွေးချယ် ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလား ကျင်းပခွင့် မရခဲ့တဲ့ အင်္ဂလန်အနေနဲ့ လိုအပ်ရင် အိမ်ရှင်အဖြစ် အစားထိုးကျင်းပဖို့ အသင့်ဖြစ်နေမယ်လို့ မစ္စတာ ဝစ်တင်ဒေးလ်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ