အမေရိကန် အစိုးရကွန်ပြူတာ တိုက်ခိုက်ခံရ

  • 5 ဇွန် 2015
အင်တာနက်မှာ ဝင်ရောက်တိုက်ခိုက်မှု
Image caption အင်တာနက်မှာ ဝင်ရောက်တိုက်ခိုက်မှု

အမေရိကန် အာဏာပိုင်တွေရဲ့အဆိုအရ အစိုးရ အေဂျင်စီတွေကို ကွန်ပြူတာမှာ ဟက်ကာတွေ ဝင်ရောက် တိုက်ခိုက်တဲ့အတွက် အမှုထမ်းပေါင်း ၄သန်းလောက်ရဲ့ကိုယ်ရေး အချက်အလက်တွေကို ထိခိုက်မှု ရှိနိုင်တယ်လို့သိရပါတယ်။ ဒီ၄သန်းထဲမှာ လက်ရှိရော အငြိမ်းစားဝန်ထမ်းတွေပါ ပါဝင်တယ်လို့ အိုပီအမ် အမှုထမ်းတွေကို စီမံခန့်ခွဲတဲ့ အဖွဲ့ကပြောပါတယ်

ဒီအဖွဲ့ကြီးက အမေရိကန်အစိုးရအတွက် လူအရင်းအမြစ်တွေကို ပြုစုတဲ့ဌာနဖြစ်ပါတယ်။ အိုပီအမ်ဌာနဟာ အစိုးရဝ န်ထမ်းတွေအတွက်လုံခြုံရေးဆိုင်ရာ ကင်းရှင်းမှု နဲ့ မှတ်တမ်းမှတ်ရာတွေကို ထုတ်ပြန်ပေးတဲ့ဌာနလည်းဖြစ်ပါတယ်။ အခုနှစ် ဧပြီလလောက်မှာ ဆိုင်ဘာ အင်ထရူးရှင်းဆိုတဲ့ အင်တာနက်ကနေ ဝင်ရောက်တိုက်ခိုက်မှုကို အိုင်စတိုင်းလို့ နာမည်ပေးထားတဲ့ ဆိုင်ဘာ လုံခြုံရေးစနစ် အသစ်ကိုသုံးပြီး အိုပီအမ်က ထောက်လှမ်းနိုင်ခဲ့ပါတယ်။

အခုလို အင်တာနက် ကနေတိုက်ခိုက်မှုဟာ တရုတ်နိုင်ငံမှာ အခြေခံတာလို့ အမေရိကန် အရာရှိတွေက သံသယရှိကြောင်း အမေရိကန် မီဒီယာတွေမှာဖေါ်ပြပါတယ်။ ကွန်ဂရက်အမတ် အက်ဒမ် ရှစ်ကတော့ အခုနောက်ဆုံး တိုက်ခိုက်မှုကြောင့် ဆိုင်ဘာဒေတာဘေ့စ် အချက်အလက်တွေကို ပိုပြီး အဆင့်မြင့်နည်းနဲ့ ထိန်းသိမ်းဖို့လိုပြီး ဘယ်လို ကာကွယ်ရမယ်ဆိုတာ ဆောင်ရွက်ဖို့ နောက်ကျနေပြီလို့ ပြောပါတယ်။

အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မီတီဝင်လွှတ်တော်အမတ် စူဆန်ကော်လင်းကတော့ အခုလို အင်တာနက်မှာ လုံခြုံရေး ချိုးဖေါက် တိုက်ခိုက်ခံရတာ ဟာ လူတယောက်ရဲ့ လုံခြုံရေး အဆင့်အတန်းကိုပြတဲ့ အချက်တွေကို အဓိကထားပြီး ပြည်ပ နိုင်ကြီးတခုက က အောင်မြင်စွာ တိုက်ခိုက် နိုင်လိုက်တဲ့ သဘောပဲလို့ ပြောသွားပါတယ်။