တရုတ် သင်္ဘောမှောက်မှု၊ အလောင်းတွေရဲ့ ဒီအန်အေ ရယူ

  • 8 ဇွန် 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption တရုတ်ပြည်မှာ ဆယ်စုနှစ် များစွာအတွင်း အဆိုးဆုံး ရေကြောင်း မတော်တဆမှု ဖြစ်။

တရုတ် နိုင်ငံ၊ ယန်စီ မြစ်ထဲမှာ ပြီးခဲ့တဲ့ သီတင်းပတ်က နစ်မြုပ်ခဲ့တဲ့ သင်္ဘောကနေ ပြန်ရခဲ့တဲ့ အလောင်း ၄၃၂ လောင်းကို ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ခွဲခြားနိုင်ဖို့ အဲဒီ အလောင်းတွေဆီက ဒီအန်အေ ရယူတဲ့ ဆောင်ရွက်မှုတွေ ပြီးမြောက် သွားပြီလို့ ဆိုပါတယ်။

ဇွန်လ ၁ ရက်နေ့က ဟူဘေးပြည်နယ် အတွင်း၊ ယန်စီမြစ်ထဲမှာ နစ်မြုပ်ခဲ့တဲ့ Eastern Star ဆိုတဲ့ ခရီးသည်တင် သင်္ဘောမှာ သက်ကြီးပိုင်း ခရီးသွား အများစုကို တင်ဆောင် ထားခဲ့တာ ဖြစ်ပါတယ်။

သင်္ဘောပေါ် ပါသွားသူ စုစုပေါင်း ၄၅၆ ဦး အနက် လူ ၁၄ ယောက်ကိုသာ ကယ်ဆယ် နိုင်ခဲ့ပါတယ်။

ပျောက်ဆုံးနေတဲ့ လူ ၈ ဦးကိုတော့ ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပြီး၊ အာဏာပိုင်တွေက ရှာဖွေရေး ဧရိယာကို မြစ်အောက်ဘက် ကီလိုမီတာ ၁၀၀၀ အထိ တိုးချဲ့ လိုက်ပါတယ်။

အဲဒီ သင်္ဘော နစ်မြုပ်မှုဟာ တရုတ်နိုင်ငံမှာ ဆယ်စုနှစ် များစွာအတွင်း အဆိုးဆုံး ရေကြောင်း မတော်တဆမှု ဖြစ်သွားပါတယ်။

လောလောဆယ်မှာတော့ အလောင်းတွေဆီက ဒီအန်အေနဲ့ တိုက်ဆိုင် စစ်ဆေးဖို့အတွက် ကျန်ရစ်သူ မိသားစုတွေဆီက ဒီအန်အေတွေ ရယူဖို့ အာဏာပိုင်တွေက စီစဉ် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ