G 7 ထိပ်သီးညီလာခံအပြီး ထုတ်ပြန်ပြောကြား

  • 8 ဇွန် 2015
_304x171_ ဓာတ်ပုံ မူပိုင် AP
Image caption G 7 ထိပ်သီးညီလာခံ ပြီးဆုံး

G 7 ထိပ်သီးညီလာခံ ရဲ့ နှစ်ရက်တာ ညီလာခံ အတွင်းမှာ ရုရှ နဲ့ ယူကရိန်း၊ ကမ္ဘာ့ အကြမ်းဖက် မှုတွေ အဆုံး သတ်စေရေး နဲ့ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ အကြောင်း အရာတွေ ကို အဓိက ထား ဆွေးနွေး ကြပါတယ်။ ဒါ့အပြင် ဂရိ ရဲ့ ငွေကြေး ပြဿနာ ပြေလည်ရေး လည်း ပါဝင် ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း အကြမ်းဖက်မှု တွေ ကျယ်ပြန့်လာတဲ့ အရေး၊ အစွန်းရောက် ဝါဒတွေ က အကြမ်းဖက်မှု နဲ့ အမုန်းပွားစေမှု တို့ကို မီးလောင်ရာ လေပင့်သလို ဖြစ်စေ တဲ့ အတွက် ထိရောက်တဲ့ နည်းလမ်းတွေ ကို ကမ္ဘာ့ ခေါင်းဆောင် တွေ အဖြေရှာကြ ဖို့ ဂျီဆဲဗင်း ထိပ်သီးညီလာခံ မှာ ပြောကြား လိုက်ပါတယ်။ ပြီးခဲ့တဲ့ ၁၅ နှစ် ကို ပြန်ကြည့်ရင် ဒီပြဿနာတွေ ကို စစ်ရေးနဲ့ ဖြေရှင်းရေးဘက် အလေးထား တဲ့ အတွက် အနှုတ်လက္ခဏာ ရလဒ်တွေ သာ ပေါ်ထွက်လာကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ ဒီနှစ်ကုန်ပိုင်းမှာ အကြမ်းဖက် အစွန်းရောက်မှု ကာကွယ်ရေး အစီအစဉ် ကို ကုလ သမဂ္ဂ အထွေထွေညီလာခံ မှာ တင်သွင်း ဆွေးနွေးမဲ့ အကြောင်း ဘန်ကီမွန်းက ပြောပါတယ်။

သမ္မတ အိုဘားမား က ညီလာခံ မှာ အကြမ်းဖက်မှု အဆုံးသတ်စေရေး အတွက် အရေးကြီးတဲ့ အချက် ကို ပြောရာမှာ တကယ်လို့ ဆွန်နီ၊ ကဒ့်စ် နဲ့ ရှား မွတ်ဆလင် တွေ တွေ့ကြုံ ခံစား နေရတဲ့ စိတ်ပူပန်မှု တွေ ကို ဦးတည် ဆွေးနွေး တဲ့အခါမှာ သူတို့ရဲ့ လုံခြုံရေး ကို တာဝန်ယူ ပေးနိုင်မဲ့ တရားဝင် နိုင်ငံရေး အခင်းအကျင်း ဖန်တီးပေးဖို့ လိုတယ် လို့ ပြောယင်း အမှန်တရား ဘက်ရပ်တည်သူတွေ ကိုလည်း စောင့် ကြည့် လေ့လာ ပြီး ထောက်ခံ အားပေး မဲ့ အကြောင်း ပြောပါတယ်။

အိမ်ရှင်နိုင်ငံ ဂျာမန် ဝန်ကြီးချုပ် အင်ဂလာ မာကဲလ် က ဂရိ နိုင်ငံ ရဲ့ ငွေကြေးပြဿနာ ကို ပြောရာမှာ ဂရိ ဘဏ်တွေ မှာ ငွေကြေးလည်ပတ်နိုင်ရေး အတွက် ငွေထပ်မံ ဖြည့်တင်း ပေးရေး သဘောတူညီချက် ရဖို့ အချိန် သိပ်မကျန် တဲ့ အကြောင်း ပြောပါတယ်။ အချိန် သိပ်မကျန်တော့ တဲ့ ပြဿနာ ကြောင့် ဂရိ အစိုးရ ရော ငွေရှင် နိုင်ငံတွေ ပါ ငွေကြေး ကိစ္စ ဖြေရှင်း ဖို့ အားကြိုး မာန်တက် လုပ်ကိုင် ကြဖို့ လိုပါတယ်။ မနက်ဖန် ကျရင်လည်း ဘရပ်ဆဲလ်မြို့ မှာ ဂရိ၀န်ကြီးချုပ် နဲ့ ဥရောပ သမဂ္ဂ နဲ့ လက်တင် အမေရိက နိုင်ငံတွေ ရဲ့ ထိပ်သီး ညီလာခံ မှာ တွေ့ဖို့ ရှိတဲ့ အတွက် ဒီကိစ္စ ကို အကျေအလည် ဆွေးနွေးခွင့် ရနိုင်ပါတယ် လို့ ပြောပါတယ်

ဒါပေမဲ့ ဂရိ အနေနဲ့လည်း ဥရောပဇုံ နိုင်ငံတွေ နဲ့ ရော နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ နဲ့ ပါ တွေ့ဆုံ ဆွေးနွေးတဲ့ အခါမှာ အရေးကြီးတဲ့ ငွေကြေးဆိုင်ရာ အချက်အလက် တွေ ကို မှန်မှန် ကန်ကန် ကျင့်သုံးရေး သဘောတူဖို့ လည်း လိုအပ်ကြောင်း ဝန်ကြီးချုပ် အင်ဂလာ မာကဲလ် က ပြောပါတယ်။