တစ်ပါတီတည်း မအုပ်ချုပ်နိုင်ဟု တူရကီ သမ္မတ ပြော

ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတ အာဒိုဂန် အနေနဲ့ ညွန့်ပေါင်း အစိုးရ ဖွဲ့နိုင်ဖို့ ခက်ခက်ခဲခဲ ညှိနှိုင်းရဖွယ် ရှိနေ။

တူရကီ နိုင်ငံမှာ ရလဒ် မပြတ်သားခဲ့တဲ့ ရွေးကောက်ပွဲ အပြီး ငွေကြေး စျေးကွက် မတည်မငြိမ် ဖြစ်ခဲ့ပြီးနောက် သမ္မတ Recep Tayyip Erdogan က နိုင်ငံရေး ပါတီတွေ အားလုံးကို နိုင်ငံ တည်ငြိမ်ရေး ရှေးရှု ဆောင်ရွက်ကြဖို့ တိုက်တွန်း လိုက်ပါတယ်။

တနင်္ဂနွေနေ့က ရွေးကောက်ပွဲမှာ မစ္စတာ အာဒိုဂန် ရဲ့ အာဏာရ AKP ပါတီဟာ ပါလီမန် အတွင်း အသာစီး ရမှုကို ၁၃ နှစ် အတွင်း ပထမဆုံး အကြိမ် ဆုံးရှုံးခဲ့ရပါတယ်။

အမတ်နေရာ အများစု မရဘဲ အစိုးရ ဖွဲ့ခဲ့ရင် မတည်မငြိမ် ဖြစ်နိုင်ပေမယ့် AKP ပါတီက အဲဒီလို ကိုယ့်ဟာကိုယ် အစိုးရ ဖွဲ့နိုင်ကြောင်းလည်း တူရကီမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

နိုင်ငံရေးသမား တချို့ကတော့ ညွန့်ပေါင်း အစိုးရ ဖွဲ့ဖို့ အကြံပြုထား ကြပါတယ်။ ဒါပေမယ့် ခုချိန်အထိ တခြား ဘယ်ပါတီကမှ အာဏာရ AK ပါတီနဲ့ ပူးပေါင်းဖို့ ပြောဆိုတာမျိုး မရှိသေးပါဘူး။

အခု အခြေအနေ အတိုင်း ၄၅ ရက် အထိ မပြတ်မသား ရှိနေမယ် ဆိုရင်တော့ ရွေးကောက်ပွဲ အသစ်ကို ထပ်မံ ကျင်းပ ရမှာ ဖြစ်ပါတယ်။

နောက်ဆုံး သတင်းတွေအရ သမ္မတ အာဒိုဂန်က တခြား ပါတီတွေနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့လိုတဲ့ စကားမျိုးကို ပြောဆို ထားပါတယ်။ ဒါပေမယ့် အဲဒီလို ညွန့်ပေါင်း အစိုးရ ဖွဲ့နိုင်ဖို့ သူ့အနေနဲ့ ခက်ခက်ခဲခဲ ညှိနှိုင်းရဖွယ် ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ