အီရတ်အတွက် အမေရိကန် စစ်သင်တန်းတိုးချဲ့

  • 10 ဇွန် 2015
_josh_earnest_ ဓာတ်ပုံ မူပိုင်
Image caption အိမ်ဖြူတော် ပြောခွင့်ရJosh Earnest

အမေရိကန် သမ္မတ အိုဘားမား က အီရတ် ကို စစ်ဘက်ဆိုင်ရာ အရာရှိ ၄၅၀ စေလွှတ် ပေးမဲ့ အကြောင်း ထုတ်ပြန် ပြော ဆို လိုက်ပါပြီ။ ဒီ အမေရိကန် စစ်မှုထမ်းတွေ ဟာ အန်ဘာ ပြည်နယ်ထဲက တာကာဒွမ် စစ်အခြေစိုက် စခန်းမှာ တပ်စွဲထား မှာပါ။ သူတို့ ရဲ့ အဓိက တာဝန် က အီရတ် တပ်ဖွဲ့ဝင်တွေ ကို စစ်ရေး လေ့ကျင့် သင်တန်းပေးတဲ့ အခါမှာ ဒေသခံ ဆွန်နီ တပ်ဖွဲ့ ဝင် တွေ ပါ ပါဝင် စေပြီး အီရတ်စစ်တပ် နဲ့ တွဲဖက် စစ်သင်တန်း ပေးမှာပါ။

အန်ဘာ ပြည်နယ် မြို့တော် ရာမာဒီ ဟာ ပြီးခဲ့တဲ့ မေလ က အိုင်အက်စ် အစ္စလမ် နိုင်ငံ လက်နက်ကိုင် လက်ထဲ ကျရောက် ခဲ့တာပါ။ ဒီပြည်နယ် ဟာ ဆွန်နီ တွေ အခြေစိုက်ရာ ဒေသလည်း ဖြစ်ပါတယ်။ ဆွန်နီ တွေကလည်း ရှားမွတ်ဆလင်တွေ ကြီးစိုးတဲ့ အစိုးရ ကို မယုံတဲ့ အတွက် အီရတ် တပ်ဘက် က စစ်ကူတိုက်ဖို့ ဝန်လေးကြလို့ အမေရိကန် က ဆွန်နီနယ်မြေ တွေ ဘက် ဦးတည် လိုက်တာပါ။ ဒ်ဟာ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ် ရဲ့ ဗျူဟာ တရပ်လည်း ဖြစ်ပါတယ်။

သမ္မတ အိုဘားမား ကအခုလို စစ်သင်တန်း ဆရာ တွေ ပို့ဖို့ ဆုံးဖြတ် ရခြင်းက အီရတ် ဝန်ကြီးချုပ် ဟိုက်ဒါ အယ်လ် အဘာဒီ က မေတ္တာ ရပ်ခံ လို့ ဖြစ်ပါတယ်။ သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် Josh Earnest က အမေရိကန် အစိုးရ အနေနဲ့ အီရတ် တွေ အနေနဲ့ သူတို့နိုင်ငံ ကို သူတို့ ကာကွယ် နိုင်ရေး အတွက် စစ်သင်တန်း ပို့ချ ပေးတာ ဖြစ်ကြောင်း ပြောပါတယ်။

ရေရှည် လုပ်ငန်း အနေနဲ့ အမေရိကန် လုပ်ပေး ဖို့ လိုအပ် တာက ဒေသခံ လုံခြုံရေး တပ်တွေ နဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး ပိုင်းမှာ နယ်မြေ ကို ထိန်းသိမ်း ကာကွယ်နိုင်စွမ်း အရည်အသွေး ကို တည်ဆောက် မြှင့်တင်ပေးချင်တာပါ။ ဒီ လို နယ်မြေ ကာကွယ်ရေး ပိုင်း ကို အမေရိကန် စစ်တပ် က လုပ်မပေးနိုင်ပါဘူး။ အီရတ် စစ်တပ် နဲ့ နယ်ခံ ပြည်သူတွေ ကိုယ်တိုင် စွမ်းဆောင်ရမှာပါ။ သူ တို့က လိုအပ်တဲ့ အပိုင်း ကို တည်ဆောက် ပေးမှာပါ လို့ ပြောတာပါ။ အခုဆိုရင် အီရတ် မှာ အမေရိကန် စစ်သင်တန်းနဲ့ စစ်ဘက်ဆိုင်ရာ အကြံပေး စစ် စခန်းတွေ ငါးခု ရှိသွားပါပြီ။ အီရတ် တပ်ဖွဲ့ဝင် ၉၀၀၀ ခန့် ကိုလည်း Al Asad နဲ့ ဒေသ သုံးခု မှာ စစ်သင်တန်း ပေးပြီးပါပြီ။

ဒါပေမဲ့ အမေရိကန် စစ်မှုထမ်းတွေ ကို အိုင်အက်စ် တွေ လှုပ်ရှားနယ်မြေ ထဲ စေလွှတ် ခြင်းဟာ အန္တရာယ် မကင်းလို့ စိုးရိမ်စရာတော့ ကောင်းတယ် လို့ ဘီဘီစီ မြောက်အမေရိက ဆိုင်ရာ သတင်းထောက် ဂျွန်ဆိုပဲလ် က ဝေဖန် သုံးသပ်လိုက်ပါတယ်။

The New York Times သတင်းစာ ကတော့ အမေရိကန် ရဲ့ ဆုံးဖြတ်ချက် ဟာ အိုင်အက်စ် တို့ လက်ထဲ က နေ မိုဆူးမြို့ နဲ့ ရာမာဒီ မြို့တွေ ကို ပြန်လည် သိမ်းပိုက် လိုတဲ့ ရည်ရွယ်ချက် ဖြစ်ကြောင်း ရေးသား ထားပါတယ်။ ရာမာဒီမြို့ ကျသွားရခြင်း အကြောင်းရင်း က အီရတ် စစ်တပ်ရဲ့ အားနည်းချက်ကြောင့် ဖြစ်တယ် လို့ အမေရိကန် က ယုံကြည်နေတာပါ။ သမ္မတ အိုဘားမား ဟာ လိုအပ်တဲ့ စစ်သုံးကိရိယာ တွေလည်း ထပ်ပို့ ဖို့ အစီအစဉ် ရှိတဲ့ အကြောင်း ကြားသိ ရပါတယ်။