နည်းလမ်းစုံ သုံးသွားမယ်လို့ သြစီ ဝန်ကြီးချုပ် ပြော

ဓာတ်ပုံ မူပိုင် Reuters
Image caption သြစတြေးလျ ကမ်းခြေကို လာတဲ့ လှေတွေကို နည်းလမ်းစုံ သုံးပြီး တားဆီးမယ်လို့ ဆို။

သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့က လူမှောင်ခိုမှုတွေကို တားဆီး နှိမ်နင်းရာမှာ သူ့နိုင်ငံ အနေနဲ့ လိုအပ်သမျှ အားလုံးကို လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

လှေစီးပြေး ရွှေ့ပြောင်းသူတွေ သြစတြေးလျ ကမ်းခြေကို ရောက်မလာနိုင်အောင် တားဆီးဖို့အတွက် ဆန်းသစ်တဲ့ ဗျူဟာတွေကို အသုံးပြုသွားမှာ ဖြစ်သလို၊ အဲဒီ နည်းတစ်ခု ဟာလည်း အောင်မြင်ကြောင်း သက်သေ ပြခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ရွှေ့ပြောင်းသူတွေ အပြည့်ပါတဲ့ လှေတစ်စီးကို သြစတြေးလျက ဒေါ်လာ ၃ သောင်း ပေးပြီး အင်ဒိုနီးရှားဘက်ကို ပြန်လွှတ်ခဲ့တယ်လို့ အင်ဒိုနီးရှား ရဲချုပ်ရဲ့ စွပ်စွဲ ပြောဆိုမှု ပေါ်ထွက်ခဲ့ အပြီးမှာ မစ္စတာ အက်ဘော့က ခုလို ပြောဆို လိုက်တာပါ။

ဆိုးရွားတဲ့ လူမှောင်ခိုမှုကို တိုက်ဖျက်ဖို့ သြစတြေးလျ အရာရှိတွေက နည်းဗျူဟာ အမျိုးမျိုးနဲ့ အံ့မခန်း ကြံဆ လုပ်ဆောင် နိုင်ခဲ့ကြတယ်လို့လည်း ဝန်ကြီးချုပ် တိုနီအက်ဘော့က သူ့အရာရှိတွေကို ရေဒီယိုကနေ ချီးကျူး ပြောဆို သွားခဲ့ပါတယ်။

ဒါပေမယ့် သြစတြေးလျ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးနဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေကတော့ အဲဒီလို ရွှေ့ပြောင်း သူတွေရဲ့ လှေကို ငွေပေးပြီး ပြန်လွှတ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေကို ငြင်းဆို ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ