ဖီဖာ ခြစားမှု၊ ငွေလွှဲမှု ၅၃ ခုကို ဆွစ် စုံစမ်းနေ

ဓာတ်ပုံ မူပိုင် AFP
Image caption ရှုပ်ထွေးတဲ့ စုံစမ်း စစ်ဆေးမှုတွေကို ပြုလုပ်နေရတယ်လို့ ဆွစ် ရှေ့နေချုပ် ပြော။

၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင် ရွေးချယ်မှုတွေမှာ ဖီဖာ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် အတွင်း ခြစားမှုတွေ ရှိခဲ့တယ် ဆိုတဲ့ ကိစ္စကို ဆွစ်ဇာလန်က စုံစမ်းနေရာမှာ အခုအခါ အဲဒီ ခြစားမှုတွေနဲ့ ပတ်သက် နိုင်တယ်လို့ ယူဆရတဲ့ တရားမဝင် ငွေလွှဲပြောင်းမှု ၅၃ ခုကို ဆွစ်ဇာလန် အစိုးရ ရှေ့နေတွေက စုံစမ်း စစ်ဆေးနေပြီ ဖြစ်ပါတယ်။

အဲဒီ တရားမဝင် ငွေလွှဲပြောင်းမှုတွေ အကြောင်းကို ဆွစ်ဇာလန် ဘဏ်တွေက သတင်း ပေးပို့ခဲ့တာ ဖြစ်တယ်လို့ ဆွစ် ရှေ့နေချုပ် Michael Lauber က ပြောပါတယ်။

ဖီဖာ အဖွဲ့ချုပ် အပေါ် စုံစမ်း စစ်ဆေးမှုဟာ ပမာဏ ကြီးမား ကျယ်ပြန့်ပြီး ရှုပ်ထွေးတဲ့ အတွက် လပေါင်းများစွာ၊ ဒါမှမဟုတ် နှစ်ပေါင်း များစွာ ကြာနိုင်တယ် လို့လည်း မစ္စတာ မီခေးလ် လောင်ဘာက က ပြောပါတယ်။

ဖီဖာ အဖွဲ့ချုပ် အတွင်း ခြစားမှုတွေကို ဆွစ်ဇာလန်က အမေရိကန်နဲ့ အပြိုင် စုံစမ်း စစ်ဆေးနေတာ ဖြစ်ပါတယ်။

၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင် နိုင်ငံတွေ အဖြစ် ရုရှားနဲ့ ကာတာ နိုင်ငံတို့ကို ဖီဖာက ရွေးချယ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ရှင် ရွေးချယ်မှုတွေမှာ လာဘ်ပေး လာဘ်ယူမှုတွေကို ရှိခဲ့ကြောင်း အထောက်အထား ခိုင်လုံခဲ့ရင်တော့ အဲဒီ နိုင်ငံတွေကို အိမ်ရှင် အဖြစ်ကနေ ပယ်ဖျက်ရနိုင်ဖွယ် ရှိတယ်လို့ ဖီဖာ ထိပ်တန်း အရာရှိ တစ်ဦးက ပြောဖူးပါတယ်။

ရုရှားနဲ့ ကာတာ နိုင်ငံ တို့ကတော့ တစုံတရာ အမှားလုပ်ခဲ့ခြင်း မရှိကြောင်း ငြင်းဆို ထားကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ