အီးယူထဲက ထွက်ရဖွယ်ရှိဟု ဂရိ ဗဟိုဘဏ် သတိပေး

ဓာတ်ပုံ မူပိုင် Getty
Image caption ဂရိ အကြပ်အတည်းအတွက် ကြာသပတေးနေ့မှာ အီးယူ ဘဏ္ဍာရေး အဖွဲ့ ဆွေးနွေးမယ်။

ဂရိနိုင်ငံဟာ အခုလကုန် မတိုင်ခင် နိုင်ငံတကာ မြီရှင်တွေနဲ့ သဘောတူညီချက် မရခဲ့ရင် ဥရောပ ငွေကြေးဇုန်နဲ့ ဥရောပ သမဂ္ဂ ကနေ ထွက်ရတော့မယ့် အခြေအနေ ရှိနေတယ်လို့ ဂရိ ဗဟိုဘဏ်က ပြောလိုက်ပါတယ်။

စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ အပေါ် သဘောတူညီချက် မရသေးတာနဲ့ ပတ်သက်ပြီး ဂရိ အစိုးရနဲ့ သူ့ရဲ့ မြီရှင်တွေ အပြန်အလှန် အပြစ် ဖို့နေချိန်မှာ ဂရိ ဗဟိုဘဏ်က အခုလို ပြောလိုက်တာပါ။

အဲဒီ သဘောတူညီချက် မရခဲ့ရင် ဂရိရဲ့ ကျဆင်းနေတဲ့ စီးပွားရေးဟာ အရှိန်နဲ့ ထိုးဆင်း သွားမယ် လို့လည်း ဂရိ ဗဟိုဘဏ်က သတိပေးခဲ့ပါတယ်။

ဂရိ ဘဏ်တွေကို ကျားကန်ဖို့ ထုတ်ချေး ပေးထားတဲ့ ငွေတွေ အတွက် စည်းမျဉ်း သတ်မှတ်ချက် သက်တမ်းက ဇွန် ၃၀ ရက်မှာ ကုန်ဆုံးမှာ ဖြစ်တဲ့အတွက် ဘာတွေ ဆက်လုပ်ကြမလဲ ဆိုတာကို ဥရောပ ဇုန်က ဘဏ္ဍာရေးဝန်ကြီးတွေ ကြာသပတေးနေ့မှာ ဆွေးနွေးဖို့ ရှိပါတယ်။

ဒါပေမယ့် ဂရိဘက်က အဆိုပြုချက် အသစ်တွေ ထပ်ထွက် မလာနိုင်ကြောင်း၊ အခု အခြေအနေအတိုင်း ဆိုရင် သဘောတူညီချက် ရဖို့ အခွင့်အလမ်း နည်းပါးနေကြောင်း ယူရိုဇုန် ဘဏ္ဍာရေးအဖွဲ့ အကြီးအကဲ Jeroen Dijsselbloem က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ