မစ်ဆိုင်းဒုံးတွေ ထပ်ဖြည့်မယ့် ရုရှားကို နေတိုး ရှုတ်ချ

  • 17 ဇွန် 2015
ဓာတ်ပုံ မူပိုင် Getty
Image caption သမ္မတပူတင် လက်ထက်မှာ ကာကွယ်ရေး အသုံးစရိတ်တွေ အခိုင်အမာ တိုးမြှင့် သုံးခဲ့

ကမ္ဘာ့တိုက်ကြီးတွေ အကြား အကွာအဝေး ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်း မစ်ဆိုင်းဒုံးတွေနဲ့ ရုရှား နိုင်ငံရဲ့ နျူကလီးယား လက်နက်ပမာဏကို ဖြည့်တင်း သွားမယ့် အစီအစဉ်အပေါ် နေတိုးအဖွဲ့နဲ့ အနောက်အုပ်စု နိုင်ငံတွေက ဝေဖန် ပြောဆိုလိုက်ပါတယ်။

အနည်းဆုံး ကီလိုမီတာ ၅ထောင်ကျော် အကွာအဝေးကို ပဲ့ထိန်းစနစ်နဲ့ လှမ်းပစ်နိုင်တဲ့ မစ်ဆိုင်းဒုံးပေါင်း ၄၀ကျော်လောက်ကို အခုနှစ်အတွင်း ရုရှားအစိုးရက ထပ်ဖြည့်မယ်လို့ ရုရှားသမ္မတ ပူတင်က ထုတ်ဖော် ကြေညာခဲ့အပြီးမှာ ဒီလုပ်ရပ်ဟာ ရုရှား နျူကလီးယား လက်နက်တိုက် ပိုကြီးထွားလာအောင် လုပ်တဲ့ လုပ်ရပ် ဖြစ်တယ် ဆိုပြီး နေတိုးအဖွဲ့ကြီးက ရှုတ်ချ ပြောဆိုလိုက်ပါတယ်။

ဥရောပ အရှေ့ပိုင်းဒေသက နေတိုးအဖွဲ့ဝင် နိုင်ငံတွေမှာ စစ်အင်အားတွေ တိုးချ ထားဖို့ အမေရိကန်က အဆိုပြုခဲ့အပြီးမှာ သမ္မတ ပူတင်က အခုလို ထုတ်ဖော် ကြေညာခဲ့တာပါ။

သမ္မတ ပူတင် ရဲ့ ကြေညာချက် နောက်ကွယ်မှာ ဘာအကြံအစည် ရှိတယ်ဆိုတာ မှန်းရ ခက်ပေမယ့် အကျိုးဆက် တွေကို သတိထား စောင့်ကြည့် ရမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က ပြောပါတယ်။

နေတိုး အတွင်းရေးမှူးချုပ် Jens Stoltenberg ကတော့ ဒီကိစ္စကြောင့် အန္တရာယ် ရှိတဲ့ မတည်မငြိမ် အနေအထားကို ရောက်လာနိုင်တယ်လို့ ပြောပါတယ်။

ဒါ့ကြောင့်လည်း အခုအခါ နေတိုး တပ်ဖွဲ့တွေကို အသင့်အနေအထား ဖြစ်အောင် ပြင်ဆင်မှုတွေ ပိုလုပ်နေတာလို့ ဆိုပါတယ်။

သမ္မတ ပူတင်ကတော့ ရုရှားရဲ့ ပိုင်နက် နယ်မြေကို ခြိမ်းခြောက်မှုတွေ ရှိလာမယ် ဆိုရင် အဲဒီ ခြိမ်းခြောက်တဲ့ နိုင်ငံကို ရုရှားတို့ဘက်က လက်နက်ကိုင် တပ်ဖွဲ့တွေ၊ ခေတ်မှီ စစ်လက်နက် ကြီးတွေနဲ့ ပြန်လည် တုန့်ပြန် ရမှာ ဖြစ်တယ်၊ တခြား ရွေးစရာ နည်း မရှိဘူး ဆိုပြီး တုန့်ပြန် သတိပေးလိုက်ပါတယ်။

နေတိုးနဲ့ အနောက်အုပ်စု နိုင်ငံတွေက ရုရှားဟာ ယူကရိန်း အရှေ့ပိုင်းက ခွဲထွက်ရေး သူပုန်တွေကို တင့်ကားတွေ မစ်ဆိုင်းဒုံးတွေ အပါအဝင် လက်နက်ကြီးတွေ၊ တပ်ဖွဲ့ဝင်တွေ ထောက်ပံ့ပေးနေတယ် ဆိုပြီး စွပ်စွဲနေတာပါ။

ရုရှားကတော့ ဒီစွပ်စွဲချက်တွေကို အကြိမ်ကြိမ် ငြင်းဆိုခဲ့ပြီးအဲဒီမှာ တိုက်နေတဲ့ ရုရှားတွေဟာ ကိုယ့်သဘောနဲ့ ကိုယ် သွားတိုက်နေကြတာ လို့ ပြောပါတယ်။

သမ္မတ ပူတင် လက်ထက်မှာ ရုရှားဟာ ကာကွယ်ရေး အသုံးစရိတ်တွေကို အခိုင်အမာ တိုးမြှင့် သုံးစွဲခဲ့ပြီး ရုရှား ကာကွယ်ရေး စနစ်ကို ခေတ်မှီ တိုးတက်အောင် လုပ်ဖို့ စီမံကိန်းကြီးတခုနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မော်စကိုမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် Sarah Rainsford ကတော့ အခု ဒီတာဝေးပစ် မစ်ဆိုင်းဒုံးတွေဟာ ခေတ်မှီနည်းပညာအရ အစားထိုးဖို့ လုပ်တာ ဖြစ်ပြီး နောက်ထပ် နျုကလီးယား လက်နက်သစ်တွေ ထပ်စုဆောင်းတာ မဟုတ်ကြောင်းနဲ့ သမ္မတ ပူတင်ရဲ့ ထုတ်ဖော် ကြေညာမှုဟာ အမေရိကန်ကို ဦးတည် နေတယ် ဆိုတာ သိသာ ထင်ရှားနေတယ်လို့ သုံးသပ်ထားပါတယ်။