ချားလ်စ်တန် ဘုရားကျောင်းထဲ ပစ်ခတ်သူကို ဖမ်းမိပြီ

ဓာတ်ပုံ မူပိုင် epa
Image caption Dylann Roof ဟာ ဧပြီလက ပိုင်နက် ကျူးကျော်မှုတွေ ကျူးလွန်ခဲ့။

အမေရိကန် ပြည်ထောင်စု၊ တောင်ပိုင်း ကာရိုလိုင်းနား ပြည်နယ်က ချားလ်စ်တန် မြို့မှာ လူမည်း အမေရိကန် တွေရဲ့ သမိုင်းဝင် ဘုရားကျောင်း တစ်ခု အတွင်း လူဖြူ သေနတ်သမား တစ်ယောက်က ဝင်ရောက် ပစ်ခတ်ခဲ့လို့ လူ ၉ ဦး သေဆုံးခဲ့ရာမှာ သေနတ်သမားလို့ ယူဆရသူကို ဖမ်းမိခဲ့ပြီလို့ အမေရိကန် ရှေ့နေချုပ် Loretta Lynch က ပြောပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားပြီး ၁၃ နာရီခန့် အကြာမှာ သေနတ်သမားလို့ သံသယရှိသူ ၂၁ နှစ်အရွယ် Dylann Storm Roof ကို မြောက် ကာရိုလိုင်းနား ပြည်နယ်က ဆယ်လ်ဘီ မြို့မှာ ဖမ်းမိခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။

သူဟာ ဘုရားကျောင်းထဲမှာ တစ်နာရီလောက် ထိုင်နေခဲ့ပြီးမှ စတင် ပစ်ခတ်ခဲ့တာ ဖြစ်ပြီး၊ အမျိုးသမီး ၆ ယောက်နဲ့ အမျိုးသား ၃ ယောက် သေဆုံး ခဲ့ရပါတယ်။

သေဆုံးသူတွေ ထဲမှာ သင်းအုပ်ဆရာလည်း ဖြစ်၊ ပြည်နယ် အမတ်လည်း ဖြစ်တဲ့ Clementa Pinckney လည်း ပါဝင်ခဲ့ပါတယ်။

လူမည်းတွေရဲ့ ဧမာနွေလ ဘုရားကျောင်း အတွင်း ပစ်ခတ်ခဲ့မှုကို လူမျိုးရေး မုန်းတီး တိုက်ခိုက်မှု အဖြစ် ဗဟို အစိုးရက ကိုင်တွယ် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ