Al Jazeera သတင်းထောက် Ahmed Mansour လွတ်ပြီ

  • 22 ဇွန် 2015
_ahmed_mansour_al-jazeera_ ဓာတ်ပုံ မူပိုင် AP
Image caption Al Jazeera သတင်းထောက်Ahmed Mansour

Al Jazeera သတင်းဌာန မှ လူသိများ ထင်ရှား တဲ့ သတင်းထောက် Ahmed Mansour ကို ဂျာမန် အစိုးရ က ဖမ်းဆီး ပြီး အီဂျစ်နိုင်ငံ ကို လွှဲပြောင်းပေးဖို့ အီဂျစ် က ဂျာမန် အစိုးရ ကို မေတ္တာရပ်ခံခဲ့တဲ့ အတွက် ပြီးခဲ့တဲ့ စနေနေ့ ဇွန်လ ၂၀ ရက်နေ့ က ဘာလင်မြို့ မှာ ဂျာမန် ရဲ က ဖမ်းလိုက်ပါတယ်။ Ahmed Mansour ကို ဘာလင်မြို့ ကနေ ကာတာ နိုင်ငံဆီ ခရီးထွက်ဖို့ လုပ်နေတုန်း လေဆိပ် မှာ ဖမ်းလိုက်တာပါ။

အီဂျစ် က သူ့ ကို အလိုရှိနေတဲ့ အကြောင်းက ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် အဆိုပါ ကာလ က သမ္မတ Hosni Mubharak ကို ဆန့်ကျင်တဲ့ ပြည်သူလူထုတွေ ဟာ Tahrir ရင်ပြင် မှာ ဆန္ဒပြကြစဉ် Ahmed Mansour က ရှေ့နေတဦး ကို ရိုက်နှက် ကန်ကျောက်မှု နဲ့ အကြုံးဝင်တယ်ဆိုပြီး စွပ်စွဲထားတာပါ။ ဒါကို ကာယကံရှင် Ahmed Mansour က ရော Al Jazeera ကပါ မဟုတ်မမှန်တဲ့ လုပ်ကြံသတင်း လို့ ပြောကြပါတယ်။ နောက်ကွယ် က ထွက်ပေါ်တဲ့ သတင်းတရပ် အရတော့ Ahmed Mansour ဟာ အခုဖယ်ရှားခံ ရတဲ့ သမ္မတ မိုဟာမက်မော်စီ နဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ ကို ထောက်ခံသူတွေ အဖြစ် လက်ရှိ အာဏာရ အစိုးရ က မြင်ထားတာပါ။

ဒါပေမဲ့ သတင်းထောက် Ahmed Mansour ကို ဂျာမန်ရဲ က ဖမ်းပြီး တရားရုံးထုတ်ဖို့ လုပ်နေချိန် အတွင်းမှာ ကမ္ဘာအနှံ့က ကန့်ကွက်သံ တွေ ထွက်လာပါတယ်။ အီဂျစ် က Ahmed Mansour ကို တရားခံ အနေနဲ့ လွှဲပြောင်းပေးဖို့ ဆိုနေပေမဲ့ ဂျာမနီ နဲ့ အီဂျစ် အကြား မှာ အကျဉ်းသား အလဲအလှယ် သဘောတူညီချက် မရှိပါဘူး။ ဒါ့အပြင် Ahmed Mansour ဟာ အီဂျစ်နိုင်ငံသား အပြင် ဗြိတိသျှ နိုင်ငံသား လည်း ခံယူထားတာပါ။

မနေ့ က သူ့ကို ဂျာမန်တရားရုံး ထုတ်တဲ့ အခါမှာ တော့ ဘာလင် အစိုးရ ရှေ့နေရုံး မှ ပြောခွင့်ရ Martin Steltner က ဘာလင် အစိုးရ ရှေ့နေများ ရုံးကနေ အမိန့်စာ ထုတ်ပြန်တဲ့ အခါမှာ အဆိုပါ ပုဂ္ဂိုလ် ကို အချုပ်က လွှတ်ပေးဖို့ အမိန့်ထုတ်ထား တဲ့ အကြောင်း အဆိုပါ ပုဂ္ဂိုလ် ကို လွှတ်ပေးရေး အတွက် သူ့ ရဲ့ အကြောင်းကို ဖယ်ဒရယ် အာဏာပိုင်တွေ နဲ့ စစ်ဆေး ရာမှာလည်း တရားဥပဒေ အရရော သံတမန် ရေး အရပါ ကင်းလွတ်ခွင့် ရှိတာ ကို တွေ့ရပါတယ် လို့ ပြောတာပါ။

Ahmed Mansour ကိုယ်တိုင်ကတော့ သူအချုပ်ကျစဉ် အတွင်းမှာ လွတ်မြောက်ဖို့ တောင်းဆိုပေးကြတဲ့ ကမ္ဘာ အနှံ့က လွတ်လပ်ပြည်သူတွေ ကိုရော၊ ဂျာမန် တရားသူကြီးနဲ့ ရှေ့နေချုပ် ကိုပါ အထူးကျေးဇူးတင်တဲ့ အကြောင်း သူကျေးဇူးတင်တဲ့ အထဲမှာ အီဂျစ် က တရားသူကြီးတွေ မပါဝင် တဲ့ အကြောင်းနဲ့ လွတ်လပ်တဲ့ သတင်းဌာန တွေ ကို လည်း ကျေးဇူးတင်ပါတယ် လို့ ပြောတာပါ။