ဂရိအတွက် အကူအညီ အီးယူ အတည်ပြုဖွယ် မရှိ

ဓာတ်ပုံ မူပိုင် AP
Image caption ဂရိ နိုင်ငံ အနာဂတ်အတွက် မရေမရာ ဖြစ်နေ။

ဂရိနိုင်ငံကို ဘဏ္ဍာရေး အကူအညီ ပိုပေးရေး သဘောတူညီချက်ကို ဒီကနေ့ ဇွန်လ ၂၂ ရက်နေ့ ထိပ်သီး ဆွေးနွေးပွဲမှာ အီးယူ ခေါင်းဆောင်တွေ အတည်ပြုနိုင်ခြေ မရှိဘူးလို့ ဂျာမန် ဝန်ကြီးချုပ် အန်ဂျလာ မာ့ကဲလ် က ပြောပါတယ်။

ဘရပ်ဆဲလ် မြို့တော်မှာ ဘဏ္ဍာရေး ဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲက ပြီးဆုံး သွားပါပြီ။ ဂရိ နိုင်ငံက နောက်ဆုံး တင်သွင်းခဲ့တဲ့ အဆိုပြုချက် တွေကို အခု ဆွေးနွေးပွဲမှာ အသေအချာ စိစစ် အကဲဖြတ်ဖို့ သိပ်နောက်ကျ နေပြီလို့ ဥရောပ သမဂ္ဂ ဘဏ္ဍာရေး ဝန်ကြီးတွေက ပြောပါတယ်။

အတော်များများကတော့ နောက်ဆုံး အဆုံးအဖြတ်အတွက်က ဒီတပတ်ကုန် ကြာသပတေးနေ့မှာ ဖြစ်ကောင်း ဖြစ်နိုင်တဲ့ ထိပ်သီး ဆွေးနွေးပွဲ အထိ နှောင့်နှေး သွားနိုင်တယ်လို့ ပြောကြပါတယ်။

လောလောဆယ် မှာတော့ ဥရောပ ဗဟိုဘဏ်က ဂရိ ဘဏ်တွေ အတွက် အရေးပေါ် ရန်ပုံငွေတွေ တိုးမြှင့် ပေးလိုက်ပါတယ်။

ဂရိ နိုင်ငံက ယူရို ငွေကြေးစနစ် ကနေ နုတ်ထွက်မှာကို စိုးရိမ်ပြီး လူတွေက သူတို့ ဘဏ်မှာအပ်ထားတဲ့ ယူရိုငွေ သန်း နှစ်ထောင်ကို ထုတ်ယူ ခဲ့ကြတဲ့ အတွက် သူတို့ အပေါ် ဖိအားတွေ သက်ရောက် ခဲ့ပါတယ်။

အခု တစ်ကြိမ်ဟာ ဂရိ ဘဏ်တွေကို ဥရောပ ဗဟိုဘဏ်က တစ်ပတ်အတွင်း တတိယ အကြိမ် ရန်ပုံငွေ တိုးမြှင့်ပေးတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ