ဂရိ အဆိုပြုချက်ကို ယူရို ခေါင်းဆောင်တွေ ကြိုဆို

ဓာတ်ပုံ မူပိုင် epa
Image caption အသုံးစရိတ် ဖြတ်တောက်မှုကို ဆန့်ကျင်သူတွေနဲ့ အီးယူ လိုလားသူတွေ အကြား အေသင်မြို့မှာ ထိပ်တိုက် တွေ့ခဲ့ကြ။

ဇွန်လကုန်မှာ ကြွေးမြီ ပြန်မဆပ် နိုင်တော့မယ့် အခြေအနေနဲ့ ကြုံနေရတဲ့ အတွက် ငွေကြေး အကူအညီတွေ ထပ်ရဖို့ ရည်ရွယ် အဆိုပြုခဲ့တဲ့ ဂရိ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး အစီအစဉ်သစ် တွေကို ဥရောပဇုန် ခေါင်းဆောင်တွေက ယေဘုယျ အနေနဲ့ ကြိုဆို ခဲ့ကြပါတယ်။

ဂရိ အစိုးရက နောက်ဆုံး အဆိုပြုခဲ့တဲ့ ပြောင်းလဲရေး အစီအစဉ်တွေထဲမှာ တိုးတက်မှုတွေ ပါဝင်တယ်လို့ ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာ မာ့ကဲလ်က ပြောပါတယ်။ ဒါပေမယ့် လက်ကျန် အချိန်က နည်းနေပြီး ဆောင်ရွက်စရာတွေ အများအပြား ရှိနေတယ်လို့ သူမက ဆိုပါတယ်။

ဂရိ နိုင်ငံဟာ အခု ဇွန်လကုန်မှာ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ကို ယူရိုငွေ ၁ ဒသမ ၆ ဘီလျံ ပြန်ပေးဖို့ ရှိနေတာပါ။ အဲဒီငွေကြ ပြန်မပေး နိုင်ခဲ့ရင် ယူရို ငွေကြေးဇုန်နဲ့ အီးယူ အဖွဲ့ထဲကနေ ထွက်ရဖို့ ရှိနေပါတယ်။

ဂရိ အစိုးရရဲ့ အဆိုပြုချက်ထဲမှာ စီးပွားရေး လုပ်ငန်းတွေနဲ့ ချမ်းသာသူတွေဆီက အခွန် တိုးကောက်ဖို့၊ အရွယ်မတိုင်မီ ပင်စင် ယူမှုတွေကို တားဆီးဖို့နဲ့ ပင်စင်အတွက် ထည့်ဝင်ငွေတွေ တိုးကောက်ဖို့ စတာတွေ ပါဝင်ပါတယ်။

အခုချိန်အထိ မြီရှင် နိုင်ငံတွေနဲ့ သဘောတူညီချက် မရသေးပေမယ့် အတားအဆီး အတော်များများတော့ ရှင်းလင်းသွားပြီလို့ ဘရပ်ဆဲလ် မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဂရိ အဆိုပြုချက်တွေနဲ့ ပတ်သက်လို့ ဗုဒ္ဓဟူးနေ့မှာ ယူရိုဇုန် ဘဏ္ဍာရေး ဝန်ကြီးတွေ ဆွေးနွေးကြမှာ ဖြစ်ပြီး၊ ကြာသပတေးနေ့မှာတော့ ဥရောပ ခေါင်းဆောင်တွေ အပြီးသတ် သဘောတူဖို့ မျှော်လင့် ထားကြပါတယ်။

ဒါပေမယ့် ဂရိအပေါ် ငွေကြေး ထပ်ကူညီမယ့် အစီအစဉ်ကို ဥရောပ ခေါင်းဆောင်တွေ သဘောတူခဲ့သည့် တိုင်အောင် ဂရိ ပါလီမန်နဲ့ ဥရောပ နိုင်ငံ အစိုးရတွေက နောက်တစ်ပတ် အင်္ဂါနေ့မှာ အတည်ပြုရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ