IS လက်ထဲက အရေးပါတဲ့ မြို့ကို ကာ့ဒ်တွေ ပြန်သိမ်း

ဓာတ်ပုံ မူပိုင် AP
Image caption IS ဌာနချုပ်နဲ့ မိုင် ၃၀ သာ ဝေးတဲ့ နေရာကို ကာ့ဒ်တပ်တွေ ရောက်ရှိလာ။

ဆီးရီးယား နိုင်ငံ မြောက်ပိုင်းမှာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ ဌာနချုပ် ရှိရာ ရက်ကာ မြို့နဲ့ မိုင် ၃၀ သာ ဝေးတဲ့ မြို့တစ်မြို့ကို ကာ့ဒ် လက်နက်ကိုင် တပ်ဖွဲ့တွေက IS အဖွဲ့ လက်ထဲကနေ ပြန်သိမ်း နိုင်ခဲ့တယ်လို့ သိရပါတယ်။

Ain Issa လို့ ခေါ်တဲ့ အဲဒီ မြို့နဲ့ အနီးတဝိုက်က ကျေးရွာတွေကို လုံးဝ ချုပ်ထိန်း ထားနိုင်ပြီလို့ ကာ့ဒ် လက်နက်ကိုင် အဖွဲ့ရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။

တနင်္လာနေ့ ညက မြို့ အပြင်ဘက်မှာ ရှိတဲ့ IS စစ်စခန်း တစ်ခုကို ကာ့ဒ် တပ်ဖွဲ့တွေ သိမ်းပိုက် နိုင်ခဲ့ပြီးနောက် အခုလို မြို့ကို ဆက်လက် သိမ်းပိုက် နိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း တူရကီ နယ်စပ်မှာ ရှိတဲ့ Tal Abyad မြို့ကို ကာ့ဒ်တွေ သိမ်းပိုက် နိုင်ခဲ့ပြီး IS အဖွဲ့ရဲ့ အဓိက ထောက်ပံ့ရေး လမ်းကြောင်းကို ဖြတ်တောက် ထားနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက ကိုဘာနီမြို့ကို IS အဖွဲ့ လက်လွှတ် ခဲ့ရပြီးနောက်ပိုင်း ကာ့ဒ်တပ်ဖွဲ့တွေက ဆက်တိုက် အသာစီး ရလာခဲ့တာပါ။

ကာ့ဒ် တပ်ဖွဲ့တွေကို ဆီးရီးယား လွတ်မြောက်ရေး သူပုန်တွေနဲ့ အမေရိကန် ဦးဆောင်တဲ့ လေကြောင်း ပစ်ကူမှုတွေက ကူညီ ကျားကန် ပေးနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ