အိုကီနာဝါ နှစ်လည်မှာ ဂျပန် ဝန်ကြီးချုပ် အော်ဟစ်ခံရ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဂျပန် နိုင်ငံမှာ ဝန်ကြီးချုပ်ကို အော်ဟစ် ပြောဆိုတာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်။

ဂျပန် နိုင်ငံ၊ အိုကီနာဝါ ကျွန်းမှာ ပြုလုပ်တဲ့ အိုကီနာဝါ တိုက်ပွဲ နှစ် ၇၀ ပြည့် အခမ်းအနားမှာ ဝန်ကြီးချုပ် ရှင်ဇို အဘေးကို အော်ဟစ် ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

အိုကီနာဝါ ကျွန်းပေါ်က အမေရိကန် စစ်စခန်းနဲ့ ပတ်သက်ပြီး ဒေါသထွက်ကြတဲ့ အရပ်သားတွေက မစ္စတာ အဘေးကို အော်ဟစ် ပြောဆို ခဲ့ကြတာပါ။

ဒုတိယ ကမ္ဘာစစ် အတွင်း လူပေါင်း ၂ သိန်းခွဲလောက် သေဆုံး ခဲ့ရတဲ့ အိုကီနာဝါကျွန်း မြေပြင် တိုက်ပွဲ အမှတ်ရ အခမ်းအနားကို မစ္စတာ အဘေးနဲ့ အမေရိကန် အရာရှိတွေ တက်ရောက် ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ တိုက်ပွဲအတွင်း သေဆုံးသူတွေထဲမှာ တစ်သိန်းကျော်က အိုကီနာဝါ ကျွန်းသားတွေ ဖြစ်ပြီး၊ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ဂျပန် စစ်ဗိုလ်တွေက ခိုင်းတဲ့အတွက် သေဆုံးသူ အရပ်သားတွေလည်း အများအပြား ပါဝင်ပါတယ်။ ဂျပန်စစ်သား တစ်သိန်းလောက်နဲ့ အမေရိကန် စစ်သား တစ်သောင်း နှစ်ထောင် ကျော်လည်း သေဆုံး ခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ်ကို အခုလို အော်ဟစ် ဝေဖန်တဲ့ အပြုအမူဟာ အလွန် ဖြစ်တောင့်ဖြစ်ခဲ ဖြစ်တာကြောင့် စတေးခဲ့ရတဲ့ အသက်ပေါင်း များစွာ အတွက် အိုကီနာဝါ ကျွန်းသားတွေရဲ့ နက်ရှိုင်းတဲ့ ခါးသီးမှုတွေကို သိနိုင်တယ်လို့ တိုကျိုက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ