ပါကစ္စတန် အပူလှိုင်းကြောင့် သေသူ ၇၀၀ နီးပါးရှိပြီ

ဓာတ်ပုံ မူပိုင် Reuters
Image caption အပူဒဏ်ကြောင့် သေဆုံးသူ ၄၅၀ ကျော်သွားပြီ။

ပါကစ္စတန် နိုင်ငံမှာ အပူလှိုင်း ဒဏ်ကြောင့် တောင်ပိုင်း ဆင်းဒ်ပြည်နယ် အတွင်း သေဆုံးသူ ၇၀၀ နီးပါး အထိ ရှိခဲ့ပြီးနောက် အရေးပေါ် ဆောင်ရွက်မှုတွေ လုပ်ဖို့ ဝန်ကြီးချုပ် နာဝက်ဇ် ရှာရစ်ဖ်က တောင်းဆို လိုက်ပါတယ်။

သေဆုံးသူ အများစုဟာ ဝင်ငွေ နည်းပါးတဲ့ မိသားစုတွေက သက်ကြီးပိုင်းတွေ ဖြစ်ကြပြီး အများစုက ကရာချိ မြို့သားတွေ ဖြစ်တယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

အဲဒီ ကရာချိ မြို့မှာ အခု ရက်ပိုင်း အတွင်း အပူချိန် ၄၅ ဒီဂရီ ဆဲလ်ဆီးယပ်စ် (၁၁၃ ဒီဂရီ ဖာရင်ဟိုက်) အထိ ရောက်ရှိ ခဲ့ပါတယ်။

ပါကစ္စတန်ရဲ့ သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံရေး အဖွဲ့ကတော့ အပူလျှပ်တဲ့ လူနာတွေ အတွက် အရေးပေါ် ကယ်ဆယ်ရေး စခန်းတွေကို စစ်တပ်ရဲ့ အကူအညီနဲ့ ဖွင့်လှစ် နေပါတယ်။

ပါကစ္စတန်မှာ အပူချိန် မြင့်မားမှုက ထုံးစံ ဖြစ်ပေမယ့် မူဆလင် ဥပုသ်လ ဖြစ်တဲ့ အခု ကာလအတွင်း လျှပ်စစ်အား ပြတ်တောက်မှုတွေက အခြေအနေကို ပိုမို ဆိုးရွား သွားစေတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ