ရှင်ဂျန်းမှာ ရဲဂိတ်ကို တိုက်ခိုက်မှု ၁၈ ဦး သေဆုံး

ဓာတ်ပုံ မူပိုင် AFP
Image caption ရှင်ဂျန်း ပြည်နယ်မှာ အာဏာပိုင်တွေနဲ့ ဝီဂါ မွတ်ဆလင်တွေ အကြား မကြာခဏ ထိပ်တိုက်တွေ့ခဲ့။

တရုတ် နိုင်ငံ၊ ရှင်ဂျန်း ပြည်နယ်က ရဲတပ်ဖွဲ့ စစ်ဆေးရေး ဂိတ်တစ်ခုမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှု အတွင်း အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့တယ်လို့ အမေရိကန် သတင်း မီဒီယာ တစ်ခုက ဆိုပါတယ်။

အမေရိကန် အခြေစိုက် RFA သတင်းဌာနရဲ့ အဆိုအရ လူနည်းစု ဖြစ်တဲ့ ဝီဂါ မျိုးနွယ်စု မွတ်ဆလင်တွေက ကက်ရှ်ဂါမြို့ အပြင်ဘက်မှာ တနင်္လာနေ့က ရဲတွေကို တိုက်ခိုက် ခဲ့တာလို့ သိရပါတယ်။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး တရုတ် အစိုးရက မှတ်ချက်ပေးဖို့ ငြင်းဆို ခဲ့ပေမယ့် ကက်ရှ်ဂါမြို့က ဆေးရုံ ဝန်ထမ်းတွေကတော့ ဒဏ်ရာရထားတဲ့ ရဲတပ်ဖွဲ့ဝင် တချို့ ဆေးကုသမှု ခံယူခဲ့ကြတယ်လို့ ဘီဘီစီကို ပြောပါတယ်။

တိုက်ခိုက်သူတွေဟာ တနင်္လာနေ့ ညမှာ စစ်ဆေးရေး ဂိတ်ထဲကို တဟုန်ထိုး ဝင်ရောက်လာပြီး ရဲတပ်ဖွဲ့ဝင်တွေကို ဗုံးတွေ၊ ဓားတွေနဲ့ တိုက်ခိုက် ခဲ့ကြတာလို့ RFA က ဆိုပါတယ်။

ရာမာဒန် ဥပုသ်လအတွင်း ဝီဂါ မွတ်ဆလင်တွေ အပေါ် ချမှတ်ထားတဲ့ တင်းကျပ်တဲ့ ကန့်သတ်မှုတွေက ခုလို တိုက်ခိုက်ရတဲ့ အကြောင်းရင်း တစ်ရပ် ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

ရှင်ဂျန်း ပြည်နယ်မှာ တရုတ် အာဏာပိုင်တွေနဲ့ ဝီဂါ မွတ်ဆလင်တွေ အကြား တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ ရှိခဲ့ပြီး၊ လွန်ခဲ့တဲ့ ၃ နှစ် အတွင်းမှာ လူ ရာနဲ့ချီ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ