နှစ် ၄၀ ရှိတဲ့ အသားတွေကို တရုတ် ဖမ်းဆီးမိ

  • 24 ဇွန် 2015
ဓာတ်ပုံ မူပိုင် AFP
Image caption စားဖို့ မသင့်တဲ့ အသားတွေကို ပြည်ပကနေ မှောင်ခို တင်သွင်းလာပြီး စျေးတွေမှာ ရောင်းနေကြတယ်လို့ တရုတ် အာဏာပိုင်တွေက ပြော။

တရုတ် နိုင်ငံမှာ နှစ်ပေါင်း ၄၀ လောက် အေးခဲထားတဲ့ အသားတွေ အပါအဝင် မှောင်ခို တင်သွင်းလာတဲ့ အသား တန်ချိန်ပေါင်း တစ်သိန်းလောက်ကို ဖမ်းမိခဲ့တယ်လို့ တရုတ် အာဏာပိုင်တွေက ပြောပါတယ်။

ခန့်မှန်းခြေ ကာလတန်ဖိုး ဒေါ်လာ သန်း ၅၀၀ နီးပါး တန်ကြေး ရှိမယ့် အေးခဲထားတဲ့ အဲဒီ အသားတွေကို နိုင်ငံ အနှံ့မှာ ဖမ်းမိ ခဲ့တာပါ။

အဲဒီ အသား အများစုကို ဗီယက်နမ်ကနေ တဆင့် တင်သွင်းလာတာ ဖြစ်ပြီး၊ ဟူနန် ပြည်နယ်မှာ ဖမ်းမိတဲ့ အသားတွေထဲမှာ သယ်ယူ ပို့ဆောင်ခ သက်သာအောင် အခဲ အရည်ပျော်ခဲ့ပြီးမှ နောက်တဖန် အေးခဲခဲ့တဲ့ အသားတွေ ပါဝင်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဗီယက်နမ် နယ်စပ်က ဂွမ်ရှီး ပြည်နယ်မှာ ဖမ်းမိတဲ့ အသားတွေ ဆိုရင် ၁၉၇၀ ပြည့်လွန် နှစ်တွေတုန်းက အသားတွေ ဖြစ်နေတယ်လို့ တရုတ်ပိုင် China Daily သတင်းစာမှာ ဖော်ပြပါတယ်။

တရုတ် နိုင်ငံမှာ စားဖို့ စိတ်မချရတဲ့ သားငါးတွေ အကြောင်း သတင်းတွေ မကြာခဏ ထွက်ပေါ်လေ့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ