EU စည်းမျဉ်းကို ဟန်ဂေရီ ယာယီ ဆိုင်းငံ့

  • 24 ဇွန် 2015
ဓာတ်ပုံ မူပိုင် EPA
Image caption ရွှေ့ပြောင်း ဒုက္ခသည်တွေကို တားဆီးဖို့ နယ်စပ်တွေမှာ တံတိုင်းတွေ ချထားမယ်လို့ ဟန်ဂေရီ အစိုးရပြော

ရွှေ့ပြောင်း ဒုက္ခသည်တွေကို လက်ခံရေးနဲ့ ပတ်သက်လို့ ဥရောပနိုင်ငံတွေ အကြား အကြီးအကျယ် ခေါင်းခဲစရာ ဖြစ်နေချိန်မှာပဲ EU ဥရောပ သမဂ္ဂက ချမှတ်ထားတဲ့ ရွှေ့ပြောင်း ဒုက္ခသည်များဆိုင်ရာ အရေးပါတဲ့ စည်းမျဉ်းတခုကို ဟန်ဂေရီ အစိုးရက မလိုက်နာတော့ပဲ ယာယီ ဆိုင်းငံ့ထားမယ်လို့ ထုတ်ဖော်ကြေညာလိုက်ပါတယ်။

Dublin Regulation လို့ ခေါ်တဲ့ EU စည်းမျဉ်းတခုအရ ဥရောပ သမဂ္ဂဝင် နိုင်ငံတခုထဲ ဝင်လာပြီး အဲဒီကနေ တဆင့် နောက်ဥရောပနိုင်ငံထဲ ဆက်သွားတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေကို အရင်ဆုံး ဝင်လာတဲ့ နိုင်ငံဆီ ပြန်ပို့ခွင့် ရှိတယ်လို့ သတ်မှတ်ထားတာပါ။

တရားမဝင် ရွှေ့ပြောင်း ဝင်လာသူတွေရဲ့ ဝန်ထုပ် ဝန်ပိုး ဒဏ်ကို ဟန်ဂေရီနိုင်ငံအနေနဲ့ မခံနိုင်တော့တဲ့အတွက် အခုလို ဆုံးဖြတ်လိုက်ရတာလို့ ဟန်ဂေရီ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်တဦးက ပြောပါတယ်။

အခုနှစ်အတွင်း ဟန်ဂေရီနိုင်ငံထဲ တရားမ၀င် ဝင်ရောက်လာသူပေါင်း ၆သောင်းကျော်လောက် ရှိတယ်လို့ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။

EU ရဲ့ Dublin Regulation စည်းမျဉ်းကြောင့် ဥရောပ သမဂ္ဂ နိုင်ငံတွေအတွင်းမှာ အကြီးအကျယ် တင်းမာမှုတွေ ဖြစ်နေပြီး ဒီစည်းမျဉ်းနဲ့ ပတ်သက်လို့ ပြန်သုံးသပ်နေ ကြပါတယ်။

ဂရိနိုင်ငံမှာဆိုရင်လည်း ခိုလှုံခွင့် တောင်းတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကြောင့် မနိုင်မနင်း ဖြစ်နေရတယ်လို့ ဂရိအစိုးရရဲ့ မကြေမနပ် ပြောဆိုမှုတွေကြောင့် ဖင်လန်နဲ့ ဂျာမနီနိုင်ငံအပါအဝင် နိုင်ငံအတော်များများက ဂရိနိုင်ငံဆီ ရွှေ့ပြောင်းဒုက္ခသည်တွေ ပြန်ပို့တာတွေကို ရပ်ထားခဲ့ရပါတယ်။

အခုလို Dublin Regulation ကို ယာယီ မလိုက်နာပဲ နေမယ် ဆိုတဲ့ ဒီကြေညာချက်ဟာ ရွှေ့ပြောင်း ဒုက္ခသည်တွေကို မလက်ခံချင်ဘူးဆိုတဲ့ ဟန်ဂေရီ အစိုးရရဲ့ ထုတ်ဖော် ပြောဆိုနေမှုတွေမှာ အခုနောက်ဆုံး ဖြစ်ပါတယ်။

ဆားဘီယားနဲ့ ကပ်ရက် ဟန်ဂေရီနိုင်ငံရဲ့ နယ်စပ် တလျှောက် ၁၀၉မိုင် လောက် အရှည် အတားအဆီး တံတိုင်းကြီးတခု ထားရှိမယ်လို့လည်း ဟန်ဂေရီ အစိုးရက ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ဖော်ကြေညာထားပြီး ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း အစိုးရရဲ့ ကြော်ငြာဆိုင်းဘုတ်ကြီးတခုပေါ်မှာ "ဟန်ဂေရီကိုလာမယ် ဆိုရင် ဟန်ဂေရီနိုင်ငံသားတွေရဲ့ အလုပ်တွေကိုလာမလုနဲ့"ဆိုပြီး လှုံ့ဆော်ရေးထားတဲ့အတွက် အခြေအတင် အငြင်းပွားစရာတွေ ဖြစ်ခဲ့ရပါတယ်။

ဒီကြော်ငြာ ဆိုင်းဘုတ် လှုံ့ဆော်ချက်ဟာ မကြာခင် ပြဌာန်းမယ့် လူဝင်မှု ကြီးကြပ်ရေး ဥပဒေသစ်တွေအပေါ် လူထုက ထောက်ခံလာအောင် လုပ်တဲ့ ဟန်ဂေရီအစိုးရရဲ့ ကြိုးပမ်းမှုတစိတ်တပိုင်းဖြစ်ပါတယ်။

အခု ပြီးခဲ့တဲ့ ဇန္နဝါရီလကနေ မတ်လ အတွင်း ဟန်ဂေရီနိုင်ငံမှာ ခိုလှုံခွင့် တောင်းခံသူပေါင်း ၃သောင်း ၃ထောင်နီးပါး ရှိခဲ့ပြီး လောလောဆယ် EU နိုင်ငံတွေအတွင်း ဂျာမနီ ပြီးရင် ဟန်ဂေရီဟာ ရွှေ့ပြောင်း ဒုက္ခသည်တွေ ခိုလှုံခွင့် တောင်းခံမှု ဒုတိယအများဆုံး နိုင်ငံ ဖြစ်ပါတယ်။