ပြင်သစ်က ကန် သံတမန်တွေကို ဆင့်ခေါ်

ဓာတ်ပုံ မူပိုင် epa
Image caption ပြင်သစ် သမ္မတဟောင်း ဂျက် ရှီရက် (ဝဲ)၊ နစ်ကိုးလပ်စ် ဆာကိုဇီနဲ့ လက်ရှိ သမ္မတ ဖရန်ဆွာ ဟော်လန်းဒ်တို့ကို က ထောက်လှမ်းခဲ့တယ်လို့ ဝီကီလိခ် ဖော်ပြ။

ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်းဒ်နဲ့ ယခင် သမ္မတဟောင်း နှစ်ယောက် တို့ကို အမေရိကန်က လျှို့ဝှက် ထောက်လှမ်း ခဲ့တယ် ဆိုတဲ့ သတင်း ပေါက်ကြားမှုတွေ ပေါ်ထွက် ခဲ့ပြီးနောက် ပြင်သစ် အစိုးရက ပဲရစ်မြို့မှာ ရှိတဲ့ အမေရိကန် သံတမန်တွေကို ဆင့်ခေါ် ခဲ့ပါတယ်။

အမေရိကန် အမျိုးသား လုံခြုံရေး အင်ဂျင်စီ NSA ဟာ ပြင်သစ် သမ္မတ မစ္စတာ ဟော်လန်းဒ်၊ သမ္မတဟောင်းတွေ ဖြစ်တဲ့ နစ်ကိုးလပ်စ် ဆာကိုဇီနဲ့ ဂျက် ရှီရက် တို့ကို ၂၀၀၆ ကနေ ၂၀၁၂ ခုနှစ် အတွင်း လျှို့ဝှက် ထောက်လှမ်း ခဲ့တယ်လို့ ဝီကီလိခ်မှာ ဖော်ပြ ခဲ့တာပါ။

သမ္မတ ဟော်လန်းဒ်က အရေးပေါ် အစည်းအဝေးကို ခေါ်ယူခဲ့ပြီးနောက် ပြင်သစ်ရဲ့ လုံခြုံရေး ခြိမ်းခြောက် ခံရမှုအတွက် သည်းခံမှာ မဟုတ်ကြောင်း ပြောခဲ့ပါတယ်။

အမေရိကန် အစိုးရကတော့ ထောက်လှမ်းရေးနဲ့ ပတ်သက်တဲ့ စွဲဆိုချက်တွေအပေါ် မှတ်ချက်ပေးမှာ မဟုတ်ကြောင်း ပြောပါတယ်။ NSA ပြောခွင့်ရသူ ကတော့ မစ္စတာ ဟော်လန်းဒ်ရဲ့ ဆက်သွယ် ပြောဆိုမှုတွေကို ပစ်မှတ်ထား ထောက်လှမ်းမှာ မဟုတ်ကြောင်း ပြောပါတယ်။

အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ NSA ဟာ အရင်ကလည်း ဂျာမန် ဝန်ကြီးချုပ် အန်ဂျလာ မာ့ကဲလ်ကို လျှို့ဝှက် ထောက်လှမ်း ခဲ့တယ်လို့ စွဲဆို ခံခဲ့ရသလို၊ ဘရာဇီးနဲ့ မက္ကဆီကို ခေါင်းဆောင်တွေကိုလည်း ထောက်လှမ်း ခဲ့တယ်လို့ စွဲချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ