အမေရိကန် ဓားစာခံ အရေး မူဝါဒပြောင်းလဲ

  • 24 ဇွန် 2015
James Foley ဓာတ်ပုံ မူပိုင် AFP
Image caption IS ပြန်ပေးဆွဲ သတ်ဖြတ်ခံရတဲ့ အမေရိကန် သတင်းထောက် ဖိုလီ

အမေရိကန် နိုင်ငံသားတွေ ဓားစာခံ အဖြစ် ဖမ်းဆီး ပြန်ပေးဆွဲ ခံနေရတဲ့ ကိစ္စတွေ မှာ အစိုးရ ကိုင်တွယ်ပုံ တွေနဲ့ ပတ်သက်ပြီး ပြုပြင် ပြောင်းလဲမှု တွေကို အိမ်ဖြူတော်က ကြေညာ လိုက်ပါတယ်။

ဒီ ကြေညာလိုက်တဲ့ မူဝါဒ အသစ်မှာ စစ်သွေးကြွ တွေနဲ့ လိုက်လျော စေ့စပ်တာကို တားမြစ်ခဲ့တဲ့ အရင်မူဝါဒဟောင်း ကို အမေရိကန် သမ္မတ အိုဘားမားက ဝေဖန် ပြောကြား ခဲ့ပါတယ်။

အမေရိကန် နိုင်ငံသား တွေကို ဒုက္ခပေးတဲ့သူတွေကို မေ့ပျောက်မှာ မဟုတ်ဘူး လို့လည်း သူက ဆိုပါတယ်။

ကမ္ဘာတလွှား တရားမျှတမှု ကင်းမဲ့စွာနဲ့ ချုပ်နှောင် ခံနေရတဲ့ အမေရိကန် နိုင်ငံသားတွေနဲ့ သူတို့ကို စောင့်မျှော်နေတဲ့ မိသားစုတွေ ပြန်လည် ပေါင်းစည်းနိုင်အောင် အမေရိကန် အစိုးရ က အရှုံးမပေးဘဲ ကြိုးစား နေတယ်လို့ အိုဘားမားက ပြောကြား ခဲ့ပါတယ်။

စိတ်ပျက်ခဲ့ရ

အရင်က ဥရောပ အစိုးရ တွေက သူတို့ နိုင်ငံသားတွေ ပြန်လွတ်ဖို့ ငွေကြေး ပေးကမ်းတာတွေ လုပ်ကြတာကို မြင်ရတဲ့ အမေရိကန် မိသားစုတွေ အတွက် သူတို့ အစိုးရ မူဝါဒ က စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။

ပြန်ပေးဆွဲခံရတဲ့ မိသားစုတွေက အစိုးရနဲ့ ဆက်ဆံ ပြောဆို ရတာကို စိတ်ပျက်ကြောင်း သူ့ကို ရင်လာဖွင့်ကြတယ် လို့ မစ္စတာ အိုဘားမားက ဆိုပါတယ်။

သူတို့ကို တရားစွဲမယ်လို့ ခြိမ်းခြောက်တာ ကိုလည်း လုံးဝ လက်မခံကြောင်း သူက ပြောပါတယ်။

အခုတော့ ဓားစာခံတွေ လွတ်မြောက်ရေး အတွက် အမေရိကန် အစိုးရ က စေ့စပ် လိုက်လျောမှာ မဟုတ်ပေမယ့် အဆက်အသွယ် မလုပ်ဘဲ ထားမှာ မဟုတ်ဘူးလို့လည်း မဆိုလိုကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

ဒီမိသားစုတွေကို တရားစွဲဆိုတာတွေ လုပ်ဖို့ မရှိဘူးလို့လည်း တရားရေး ဌာနက သီးခြား ထုတ်ပြန် ခဲ့ပါတယ်။

အရင်တုန်းက ဆိုရင် ပြန်ပေးဆွဲခံရတဲ့ မိသားစု တွေအတွက် အစိုးရရဲ့ မူဝါဒက အကူအညီ မရသလို ကာလတွေ ရှိခဲ့ပါတယ်။

ဆီးရီးယားက ဓားစာခံတွေ ကိစ္စ အမေရိကန် အစိုးရ ကိုင်တွယ်ပုံတွေဟာ တိတိကျကျ မရှိဘဲ ခရီးမရောက်ဘူးလို့ အတ္တလန္တိတ် မီဒီယာ အကြီးအကဲ ဒေးဗစ် ဘရက်ဒလေက ပြောပါတယ်။

ကျယ်ကျယ်ပြန့်ပြန့် ဝေဖန် ပြစ်တင်

နိုင်ငံခြားမှာ ဓားစာခံတွေ ကိစ္စ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရ ကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန် ပြစ်တင်မှုတွေ ရှိနေတဲ့ အတွက် ဒီလို ပြန်လည် သုံးသပ်မှု တွေ လုပ်လာရတာ ဖြစ်တယ်လို့ ဘီဘီစီရဲ့ လုံခြုံရေး သတင်းထောက် Frank Gardner က သုံးသပ်ပါတယ်။

အရှေ့အလယ်ပိုင်း မှာ ပြန်ပေး ဆွဲခံရတဲ့ အမေရိကန်တွေ ပြန်လွတ်အောင် အစိုးရက အများကြီး အားထုတ် ခဲ့ပေမယ့် မိသားစုတွေနဲ့ နီးနီးကပ်ကပ် ဆောင်ရွက်တာ အားနည်းပါတယ်။

အစိုးရ ဌာန တခု ဆီက တမျိုးစီ ညွှန်ကြားချက် တွေ ရနေတာက မိသားစုတွေ အတွက် အင်မတန် စိတ်ရှုပ်ထွေး စရာ ဖြစ်ပါတယ်။

အကြမ်းဖက် သမား တွေကို ငွေပေးမယ် ကြံတဲ့ မိသားစု တစုဆို တရားစွဲ မယ်လို့တောင် ခြိမ်းခြောက် ခံခဲ့ရပါတယ်။

အခုတော့ ဥပဒေမှာ ဘာမှ မပြောင်းပေမယ့် ဒီလို ခြိမ်းခြောက်မှုမျိုးတွေ ကို ရုပ်သိမ်းလိုက်ပုံ ရတယ်လို့ Frank Gardner က သုံးသပ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ