ငွေချေးစည်းကမ်းချက်အတွက်ဂရိမှာဆန္ဒခံယူမယ်

  • 27 ဇွန် 2015
ဓာတ်ပုံ မူပိုင်
Image caption ဂရိနဲ့ ဥရောပကြား ဆွေးနွေးမှုတွေ မပြေလည်သေး

ဂရိ အစိုးရက ဘဏ်ကနေ ငွေထုတ်ယူခွင့် ကို ကန့်သတ် လိမ့်မယ်လို့ စိုးရိမ်တဲ့ အတွက် ဂရိနိုင်ငံက ဘဏ်တွေ ရှေ့မှာ ငွေထုတ်ဖို့ လူတွေ တန်းစီ စောင့်ဆိုင်း နေပါတယ်။

ငွေထုတ်ယူ ခွင့်ကို တကြိမ်မှာ ယူရို ၈၀ သာ ခွင့်ပြုဖို့ ကန့်သတ် လိမ့်မယ်လို့ အေသင်မြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

လောလောဆယ်မှာ ဂရိ အစိုးရက၊ မြီရှင် နိုင်ငံတွေရဲ့ ချေးငွေ စည်းကမ်းချက် တွေကို လိုက်နာဖို့ သင့်မသင့် ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ကျင်းပဖို့ အတွက် ဆွေးနွေး နေပါတယ်။

အဲဒီ စည်းကမ်းချက် တွေဟာ သူတို့ အတွက် အရှက်ရ စေပြီး သည်းမခံ နိုင်လောက် တဲ့ စည်းကမ်းတွေ ဖြစ်တယ်လို့ ဂရိ ဝန်ကြီးချုပ် Alexis Tsipras ကပြောပါတယ်။

ဒီစည်းကမ်းချက် တွေကို လိုက်နာမယ် မလိုက်နာဘူး ဆုံးဖြတ်ဖို့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို လာမယ့် ဇူလိုင်လ ၅ ရက်၊ တနင်္ဂနွေနေ့မှာ ကျင်းပဖို့ အစိုးရရဲ့ အဆိုပြုချက်ကို အတည်ပြုဖို့ ပါလီမန် အရေး ပေါ် အစည်းဝေး ကျင်းပမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

မစ္စတာ Tsipras ဟာ အင်္ဂါနေ့မှာ သက်တမ်း ကုန်တော့မယ့် လက်ရှိ ချေးငွေ သဘော တူညီချက်ကို ယာယီ သက်တမ်း တိုးဖို့ ယူရို ငွေကြေးသုံး နိုင်ငံ တွေက ဘဏ္ဍာရေး ဝန်ကြီးတွေနဲ့ ဘရပ်ဆဲ မြို့မှာ မကြာခင် တွေ့ဆုံဖို့ ရှိပါတယ်။