ဂ​ရိ​မှာ ဘဏ်​တွေ​နဲ့ စ​တော့​စျေး​ကွက် ဆက်​ပိတ်​ထားမယ်

  • 28 ဇွန် 2015
tsipras_greece_referendum ဓာတ်ပုံ မူပိုင် EPA
Image caption စုငွေ တွေ၊ လစာတွေ နဲ့ ပင်စင် တွေ အတွက် စိုးရိမ် စရာ မလို ဘူး လို့ မစ္စတာ ဆီးပရပ်စ် က ကတိပြု။

ဂရိ နိုင်ငံ က ဘဏ်တွေ နဲ့ စတော့ ရှယ်ရာ စျေးကွက် ကို ဆက်လက် ပိတ် ထား မှာ ဖြစ်ပြီး ငွေကြေး လွတ်လပ် စွာ ရွှေ့ပြောင်း စီးဆင်းမှု ကိုလည်း အစိုးရ က ထိန်းချုပ် မှာ ဖြစ်တယ် လို့ ဂရိ ဝန်ကြီးချုပ် အလက်ဆီ ဆီးပရပ်စ် က ကြေညာ လိုက် ပါတယ်။

တိုင်းသူ ပြည်သား တွေ စိတ်အေးအေး နဲ့ တည်တည်ငြိမ်ငြိမ် ရှိကြဖို့ လည်း ဝန်ကြီးချုပ် စီးပရပ်စ် ရဲ့ ရုပ်မြင်သံကြား မိန့်ခွန်းထဲ မှာ တိုက်တွန်း ထားပါတယ်။

ဘဏ်တွေ နဲ့ စတော့ စျေးကွက် ကို ဘယ်လောက် ကြာကြာ ပိတ်ထားမလဲ ဆိုတာ မပြောပေမယ့် ပြည်သူ တွေ ရဲ့ စုငွေ တွေ၊ လစာတွေ နဲ့ ပင်စင် တွေ အတွက် စိုးရိမ် စရာ မလို ဘူး လို့ မစ္စတာ ဆီးပရပ်စ် က ကတိပြု ခဲ့ ပါတယ်။

ဥရောပ ဗဟိုဘဏ် ဟာ ဂရိ နိုင်ငံ ကို အရေးပေါ် ရံပုံငွေ တွေ ဆက်ပြီး မပေးဖို့ ဆုံးဖြတ် ခဲ့တာ ဟာ အကြပ်ကိုင် ခြိမ်းခြောက် တဲ့ ပုံစံ ဖြစ်တယ် လို့လည်း ဂရိ ဝန်ကြီးချုပ် က စွပ်စွဲ လိုက် ပါတယ်။

လာမယ့် အင်္ဂါ နေ့ ဟာ ဂရိ ဘဏ် တွေ ရဲ့ နိုင်ငံတကာ ချေးငွေ ပြန်ဆပ် ရမယ့် နောက်ဆုံး နေ့ ဖြစ်ပြီး အဲဒီ့ နောက်ဆုံး ရက် ကို ဆိုင်း မပေး နိုင် ကြောင်း ယူရို ငွေကြေး အဖွဲ့ နိုင်ငံ တွေ က ငြင်းပယ် ခဲ့ ကြ ပြီးတဲ့ နောက် ဥရောပ ဗဟို ဘဏ် ကပါ အရေးပေါ် ရံပုံငွေ တွေ ထုတ်မပေး ဖို့ ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ