ဆိုလာ လေယာဉ် ပစ္စိဖိတ် သမုဒ္ဒရာ ဖြတ်ကျော်နေ

  • 29 ဇွန် 2015
ဓာတ်ပုံ မူပိုင် epa
Image caption အရေးပေါ် ဆင်းသက်စရာ ကုန်းမြေ မရှိတဲ့အတွက် လေယာဉ်မှူး အတွက် စွန့်စားရတဲ့ ခရီးဖြစ်။

ကမ္ဘာပတ် ခရီးစဉ် ပျံသန်းနေတဲ့ နေစွမ်းအင်သုံး ဆိုလာ လေယာဉ်ဟာ အရှည်ဆုံး ခရီးပိုင်း ဖြစ်တဲ့ ပစ္စိဖိတ် သမုဒ္ဒရာ ဖြတ်ပျံတဲ့ ခရီးကို ဒုတိယမြောက် ကြိုးပမ်းမှု အဖြစ် ပျံသန်းခဲ့ရာမှာ အခုတော့ ပြန်လှည့်ဖို့ မဖြစ်နိုင်တော့တဲ့ အကွာအဝေးကို ရောက်ရှိ ကျော်ဖြတ်ခဲ့ပြီလို့ သိရပါတယ်။

Solar Impulse လေယာဉ်ဟာ ဂျပန်နိုင်ငံ နာဂိုယာ မြို့ကနေ ဒေသ အချိန် တနင်္ဂနွေနေ့ ညနေပိုင်းက စတင် ထွက်ခွာ ခဲ့တာ ဖြစ်ပြီး ဟာဝိုင်ယီကို ရောက်ရှိဖို့ ၅ ရက်ကြာ ပျံသန်း ရမှာ ဖြစ်ပါတယ်။

ဒီခရီးပိုင်းမှာ အရေးပေါ် အခြေအနေ ကြုံခဲ့ရင် ဆင်းသက်စရာ ကုန်းမြေ မရှိတဲ့ အတွက် လေယာဉ်မှူး အနေနဲ့ စွန့်စွန့်စားစား ပျံသန်း နေရတာ ဖြစ်ပါတယ်။

ဒါပေမယ့် မိုးလေဝသ ခန့်မှန်းချက်တွေ ကောင်းမွန် နေတဲ့အတွက် လေယာဉ်မှူး André Borschberg အနေနဲ့ ခရီးပန်းတိုင်ကို ရောက်ရှိ နိုင်မယ်လို့ ယုံကြည်ကြောင်း ခရီးစဉ် စီစဉ်သူတွေက ပြောကြပါတယ်။

ဆိုလာ လေယာဉ်ဟာ အခုလ အစောပိုင်းက မိုးလေဝသ အခြေအနေ ဆိုးရွားမှုကြောင့် ကြိုတင် စီစဉ်မထားဘဲ ဂျပန်နိုင်ငံမှာ အရေးပေါ် ဆင်းသက် ခဲ့ရတာ ဖြစ်ပြီး ဒီခရီးပိုင်းကို ဆက်ဖို့ သီတင်း ၃ ပတ်ကျော်ကြာ စောင့်ဆိုင်း နေခဲ့ရတာ ဖြစ်ပါတယ်။

လေယာဉ်မှူး André Borschberg ဟာဝိုင်ယီကို ချောချောမွေ့မွေ့ ရောက်ရှိခဲ့မယ် ဆိုရင်တော့ လေယာဉ် ပျံသန်းမှု သမိုင်းမှာ တစ်ဦးတည်း အချိန်အကြာဆုံး ပျံသန်းမှု ဖြစ်လာမှာ ဖြစ်သလို နေစွမ်းအင် တစ်ခုတည်းနဲ့ ခရီးအရှည်ဆုံး ပျံသန်းမှုလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

ပစ္စိဖိတ် သမုဒ္ဒရာ ဖြတ်ပျံတဲ့ ခရီးဟာ ဆိုလာ လေယာဉ်ရဲ့ ကမ္ဘာပတ် ခရီးစဉ် အတွင်း ၈ ခုမြောက် ခရီးပိုင်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ