အိန္ဒိယ စာသင်ကျောင်း တစ္ဆေပြဿနာ ကြုံနေ

  • 30 ဇွန် 2015
ဓာတ်ပုံ မူပိုင် thinkstock
Image caption ကျောင်းသား ၄၀ လောက် တစ္ဆေခြောက်တာ ခံခဲ့ကြရ။

အိန္ဒိယနိုင်ငံ၊ အနောက် ဘန်ဂေါလ် ပြည်နယ်မှာ ရှိတဲ့ Changmari လက်ဖက်စိုက်ခင်း ထဲက စာသင်ကျောင်းမှာ ကျောင်းသား အများအပြား တစ္ဆေခြောက်တာကို ခံခဲ့ကြရတယ်လို့ အဲဒီ ကျောင်းသားတွေက ပြောပါတယ်။

တစ္ဆေခြောက် ခံရလို့ မူးမေ့ သွားကြတဲ့အတွက် ကျောင်းသား အတော်များများ ဆေးကုသမှု ခံယူခဲ့ကြရပြီး ပြီးခဲ့တဲ့ လအတွင်းမှာ ကျောင်းသား ၄၀ လောက်အထိ ခြောက်လှန့် ခံခဲ့ကြရတယ်လို့ ဆိုပါတယ်။

ကျောင်းသား အများစုဟာ လက်ဖက်စိုက်ခင်း အလုပ်သမားတွေရဲ့ သားသမီးတွေ ဖြစ်ကြပြီး အာဟာရ ချို့တဲ့လို့ အခုလို ထင်ယောင်ထင်မှား မြင်ကြတာ ဖြစ်နိုင်ကြောင်း အဲဒီ ကျောင်းကို သွားရောက်ခဲ့တဲ့ အစိုးရ ဆရာဝန် Subhojit Hawaldar က ကနဦး ယူဆခဲ့ပေမယ့် ကျောင်းသားတွေမှာ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် မရှိကြောင်း နောက်ပိုင်းမှာ သူက ပြောပါတယ်။

ဒါကြောင့် အဲဒီ ကျောင်းသားတွေကို စိတ်ကု ဆရာဝန်နဲ့ ပြသသွားမယ်လို့ ဆရာဝန် Hawaldar က ဆိုပါတယ်။

အသက် ၁၂ နှစ် အရွယ် ၆ တန်း ကျောင်းသားတွေက သူတို့ဟာ အဲဒီ တစ္ဆေကို နေ့လယ် အချိန်မှာ တွေ့ကြရလေ့ ရှိတယ်လို့ ဆိုပြီး၊ တချို့ ကျောင်းသားတွေကတော့ သူတို့ကို တစ္ဆေက ကိုင်ပေါက် ရိုက်နှက်တာတွေပါ လုပ်တယ်လို့ ပြောကြပါတယ်။

တချို့ ကျောင်းသားတွေကတော့ ဆေးရုံရောက်ပြီးတဲ့ အထိ ကြောက်လန့်တကြား အော်ဟစ်တာတွေလည်း ရှိနေတယ်လို့ ဆရာဝန် Hawaldar က ဆိုပါတယ်။

ဒေသန္တရ ဆေးရုံက ဆရာဝန် Utpalendu Mullick ကတော့ ဒီအဖြစ်ဟာ ဒေသခံတွေရဲ့ အယူသည်းမှု ဖြစ်တယ်လို့ ပြောပါတယ်။

ဒေသခံတွေကတော့ အချိန် အတော်ကြာ ကတည်းက သေလွန်ခဲ့တဲ့ ဗြိတိသျှ စိုက်ခင်းပိုင်ရှင်တွေဟာ တစ္ဆေအဖြစ်နဲ့ ရှိနေကြတယ်လို့ ယုံကြည် ထားကြတာပါ။

ပညာမတတ်တဲ့ လက်ဖက်စိုက်ခင်း အလုပ်သမားတွေဟာ တစ္ဆေတွေကို ယုံကြည်ကြကြောင်း၊ ဆရာဝန်တွေရဲ့ ကုသမှုကိုလည်း လက်မခံလိုကြဘဲ သူတို့ရဲ့ ရိုးရာ တိုင်းရင်း ဆေးဆရာတွေနဲ့သာ ကုသလိုကြကြောင်း ဆရာဝန် Utpalendu Mullick က ပြောပါတယ်။