အင်ဒိုနီးရှား လေယာဉ်ပျက်ကျ၊ ၁၀၀ ကျော် သေဆုံးနိုင်

ဓာတ်ပုံ မူပိုင် AFP
Image caption ပျက်ကျရာမှာ နေအိမ် ၂ လုံးနဲ့ ဟိုတယ် တစ်လုံးကို ဝင်တိုက်ခဲ့။

အင်ဒိုနီးရှား နိုင်ငံ၊ မက်ဒန် မြို့က လူနေ ရပ်ကွက်ထဲကို စစ်သုံး ပို့ဆောင်ရေး လေယာဉ် တစ်စီး ပျက်ကျ ခဲ့ရာမှာ သေဆုံးသူ တစ်ရာကျော် အထိ ရှိနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ် နေပါတယ်။

ဟာကျူလီ C-130 အမျိုးအစား စစ်လေယာဉ် ပျက်ကျစဉ်မှာ အိမ် ၂ လုံးနဲ့ ဟိုတယ် တစ်လုံးကို ဝင်တိုက်ပြီးနောက် မီးလောင် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ပျက်ကျတဲ့ နေရာကို အင်ဒိုနီးရှား လေတပ် အကြီးအကဲ Agus Supriatna လာရောက် ကြည့်ရှုခဲ့ရာမှာ သူက လေယာဉ်ပေါ် ပါသူ ၁၁၃ ယောက် ရှိပြီး အသက်ရှင်သူ မရှိကြောင်း အေအက်ဖ်ပီ သတင်းဌာနကို ပြောခဲ့ပါတယ်။

နည်းပညာပိုင်း ပြဿနာတွေ ရှိတဲ့အတွက် စခန်းကို ပြန်လှည့်ဖို့ အဲဒီ စစ်လေယာဉ်မှူးက ခွင့်တောင်းခဲ့ပြီးနောက် လေယာဉ်ကို ပြန်လှည့်ရာမှာ ခုလို ပျက်ကျခဲ့တာလို့ လေတပ် အကြီးအကဲက ပြောပါတယ်။

ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေကို မီးတောက်နဲ့ မီးခိုးတွေ ကြားမှာ လုပ်ဆောင်နေဆဲ ဖြစ်ပြီး ခုချိန်အထိ အလောင်း ၅၀ ခန့်ကိုသာ ပြန်လည် တွေ့ရှိရ ပါသေးတယ်။

မက်ဒန် မြို့ပေါ်ကို အခုလို လေယာဉ် ပျက်ကျတာဟာ ၁၀ နှစ်အတွင်း ဒုတိယ အကြိမ် ဖြစ်ပြီး ၂၀၀၅ ခုနှစ် စက်တင်ဘာ လတုန်းကလည်း ဘိုအင်း ၇၃၇ လေယာဉ် တစ်စီး လူနေ ရပ်ကွက်ပေါ် ပျက်ကျခဲ့လို့ လူ ၁၄၃ ယောက် သေဆုံး ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ