ကြွေးဆပ်ဖို့ နောက်ဆုံးရက်ကို ဂရိ ကျော်

  • 1 ဇူလိုင် 2015
Image caption လူထုဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲ၊ ထောက်ခံမဲ ပေးဖို့ အပြန်အလှန် စုဝေး စည်းရုံးလှုံ့ဆော်နေကြ

IMF နိုင်ငံတကာ ငွေကြေး ရံပုံငွေအဖွဲ့ အပေါ် ဂရိနိုင်ငံ တင်ရှိနေတဲ့ အကြွေး ယူရို တစ်ဘီလျံခွဲကျော် ပြန်ဆပ်ဖို့ နောက်ဆုံးရက် သတ်မှတ်ထားတာ ကျော်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ နောက်ဆုံးအချိန် မရောက်ခင် တနာရီ အလိုလောက်မှာ ဂရိအစိုးရက လက်ရှိ ငွေကြေး ကယ်ဆယ်ရေး စီမံကိန်းကို ရေတို သက်တမ်း ထပ်တိုးပေးဖို့ ယူရိုဇုံ ဘဏ္ဍာရေး ဝန်ကြီးတွေကို မေတ္တာ ရပ်ခံခဲ့ပေမယ့် လက်မခံပဲ ပယ်ချခဲ့ပါတယ်။

အခုအခါ ဂရိနိုင်ငံဟာ IMF အပေါ် ကြွေးတင်တဲ့ ပထမဆုံး ဖွံ့ဖြိုးပြီး နိုင်ငံအဖြစ် စာရင်းဝင်သွားပြီ ဖြစ်ပါတယ်။

ဒီလို ကြွေးနွံထဲ နစ်နေတဲ့ ဂရိ အစိုးရအနေနဲ့ နောက်ထပ် ငွေချေးနိုင်ဖို့ အများကြီး ခက်ခဲသွားပါပြီ။

ဒါပေမယ့် ဒီအကြပ်အတည်းကို ဖြေရှင်းဖို့ ဆွေးနွေးပွဲတွေ ဆက်ကျင်းပဖို့ ရှိနေပြီး ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြန်စမယ်လို့ မျှော်လင့်ရပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာ ကြွေးရှင် နိုင်ငံတွေရဲ့ အဆိုပြုချက်တွေအပေါ် ဂရိ လူထုရဲ့ သဘောထား ဆန္ဒ ခံယူပွဲ ကျင်းပဖို့ စီစဉ်ထားရာမှာ ဒီအဆိုပြုချက်တွေကို ထောက်ခံမဲ ပေးကြဖို့ EU လိုလားသူတွေက အေသင်မြို့ ဂရိ ပါလီမန်အပြင်ဘက်မှာ စုဝေးပြီး တိုက်တွန်း စည်းရုံးခဲ့ပါတယ်။

တခါ ဂရိ သမ္မတ ဆီးပရက်စ်ရဲ့ ဆန္ဒအတိုင်း ကန့်ကွက်မဲပေးဖို့ စည်းရုံးသူတွေကလည်း တနင်္လာနေ့တုန်းက အလားတူ စုဝေး တိုက်တွန်းခဲ့ပါတယ်။

ဒီလူထု ဆန္ဒခံယူပွဲမှာ ကြွေးရှင်နိုင်ငံတွေရဲ့ အဆိုပြုချက်တွေကို ကန့်ကွက်မဲပေးခဲ့ကြမယ် ဆိုရင် ယူရိုဇုံထဲကနေ ဂရိနိုင်ငံ ထွက်ပေးရလိမ့်မယ်လို့ ယူရိုဇုံ နိုင်ငံတွေက သတိပေးထားပါတယ်။