ဘိုကိုဟာရမ်လက်ချက်နဲ့ ရွာခံတွေအများအပြားသေ

  • 2 ဇူလိုင် 2015
_bokoharam_hostages_ ဓာတ်ပုံ မူပိုင် Nigeria Army
Image caption ဘိုကိုဟာရမ် လက်မှ လွတ်မြောက်သူများ

နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက် အရပ် ဘက် မှာ ဘိုကိုဟာရမ် လက်နက်ကိုင် အဖွဲ့ရဲ့ တိုက်ခိုက် မှု ကြောင့် လူပေါင်း ၁၅၀ ခန့် သေဆုံးရပါတယ်။ မျက်မြင်သက်သေ တွေ ပြောပြချက် အရ ကူကာဝါ ကျေးရွာ မှာ ဆိုရင် လူပေါင်း ၉၇ ဦး ကို ဘိုကိုဟာရမ် တွေ ပစ်သတ် တာ တွေ့မြင်ကြောင်း ပြောပါတယ်။ ဒီလက်နက်ကိုင် ဘိုကိုဟာရမ်တွေ ဟာ ကျေးရွာ သုံးရွာ ကို ဝင်ရောက် စီးနင်းပြီး ရွာခံ အမျိုးသမီး၊ အမျိုးသား နဲ့ ကလေးတွေ ကို ပါ ပစ်သတ်တာပါ။

ပြီးခဲ့ တဲ့ အင်္ဂါနေ့ ကလည်း လူ ၄၈ ဦး ကို ရွာထဲက ရွေးထုတ်ပြီး ဂျီဟတ်ဝါဒီ ဘိုကိုဟာရမ်တွေ က သတ်ပစ်တာပါ။ လူတွေ ကို သတ်ပြီး ရင် ရွာထဲက အိမ်တွေ နဲ့ အဆောက်အဦး တွေ ကို ပါ မီးရှို့ ဖျက်ဆီးသွားတာပါ။

အခုလို ကျေးရွာသူ ရွာသား တွေ ကို ဘာဖြစ် လို့ သဲကြီးမဲကြီး သတ်ပစ် နေတာလည်း လို့ ဘီဘီစီ သတင်းထောက် က မေးကြည့်ရာမှာ ဘိုကိုဟာရမ်တွေ ရဲ့ ခြေကုတ်စခန်းတွေ ကို နိုင်ဂျီးရီးယား စစ်တပ် က လိုက်လံ ချေမှုန်းတဲ့ အခါ မှာ ဘော်နိုပြည်နယ်ထဲ က မွန်ဂူးနိုး မြို့ ကို သူတို့ စွန့်လွှတ် လိုက်ရတဲ့ အတွက် ရယ်၊ စစ်တပ် က ဘိုကိုဟာရမ် တွေ အပေါ် အောင်ပွဲ ရလိုက်တဲ့ အခါမှာ ပွဲခံ ကြတာကိုလည်း သူတို့ က ဒေါသထွက်ပြီး ဗုံးဖေါက်ခွဲမှု လည်း ပြုကြောင်း ဒေသခံတွေ က ပြောပါတယ်။

အဆိုပါ ဘော်နိုပြည်နယ် ဆိုင်ရာ လွှတ်တော် အမတ် မိုဟာမက် တာဟီရာ မွန်ဂူနို ကလည်း အခုလို ဘိုကိုဟာရမ် သူပုန် အဖွဲ့ ဟာ စစ်တပ်ရဲ့ ထိုးစစ် ဆင်မှု တွေ ကြောင့် ကဆင့်ကလျား ပြေးရှောင်နေရ လို့ ရွာသားတွေ လက်ထောက်ချလို့သာ သူတို့ ခြေကုတ်စခန်းတွေ ရှိရာ မြို့တွေ နဲ့ ဆမ်ဘီစာ တောအုပ် ကို အစိုးရ စစ်တပ် က သိသွား တယ်လို့ စွပ်စွဲ ပြီး ဒေသခံ ရွာသားတွေ ကို အငြှိုးထားနိုင်တာ ကို အစိုးရ ကို ကြိုတင် အသိပေးခဲ့ပုံ လည်း ပြောပြပါတယ်။

ဘိုကိုဟာရမ်တွေ ဟာ အမျိုးသမီး၊ ကလေးတွေ ကို ဖမ်းဆီးထားခြင်း နဲ့ ကျောင်းသူ လေး ၂၀၀ ကျော် ကို ချီဘုခ် ကျေးရွာကျောင်းကနေ ပြီးခဲ့တဲ့ နှစ် ဧပြီလက ပြန်ပေးဆွဲ သွားတာလည်း အခုထိ လွှတ်မပေးသေးပါဘူး။ နိုင်ဂျီးရီးယား သမ္မတ သစ် မူဟာမဒူ ဘူဟာရီ ကတော့ ဘိုကိုဟာရမ်တွေ ကို အပြတ်ချေမှုန်းမယ် လို့ ပြောပါတယ်။

အခု တိုက်ခိုက် ပစ်သတ်မှု တွေ ကတော့ ဒီသီတင်းပတ်တွေ အတွင်းမှာ အဆိုးဝါးဆုံး လို့ နိုင်ဂျီးရီးယား မှ ဘီဘီစီ သတင်းထောက် ဝီလ်ရောစ် က ပြောပါတယ်။