ဂရိဘဏ္ဍာရေး ဝန်ကြီးက မြီရှင် စည်းကမ်း တွေကို ဆန့်ကျင်ဆဲ

  • 4 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် AP
Image caption ဂရိဘဏ္ဍာရေးဝန်ကြီးက စည်းကမ်းချက် တွေကို ကန့်ကွက်ဖို့ တိုက်တွန်းနေ

ဂရိနိုင်ငံ အနေနဲ့ မြီရှင်တွေ ဖက်က သတ်မှတ်တဲ့ စည်းကမ်းချက် တွေကို လိုက်နာမယ် မလိုက်နာဘူး ဆိုတာကို ပြည်သူ့ ဆန္ဒခံယူပွဲ ကျင်းပဖို့ တရက် အလို မှာဘဲ ဂရိ ဘဏ္ဍာရေး ဝန်ကြီးက အညံ့မခံတဲ့ စကား ဆိုလိုက်ပါတယ်။

စပိန်နိုင်ငံက အယ်လ်မွန်ဒို သတင်းစာနဲ့ မေးမြန်းခန်း တခုမှာ ဂရိ ဘဏ္ဍာရေး ဝန်ကြီး ယာနစ်စ် ဗိုရူဖာကစ်စ် က၊ ဥရောပ မြီရှင် နိုင်ငံ တွေဟာ ဂရိကို အရှက်ရ စေအောင် သူတို့ရဲ့ စည်းကမ်းချက် တွေကို လိုက်နာမယ့် ဖက်က မဲပေး စေချင် နေတယ်လို့ ဆိုလိုက်ပြီး ဒါဟာ အကြမ်းဖက်မှု တခုဖြစ်တယ် လို့လည်း သူက ပြောပါတယ်။

တနင်္ဂနွေနေ့ ဆန္ဒခံယူပွဲမှာ မဲရလဒ် ဘယ်လိုဘဲ ရှိရှိ ဂရိဘဏ် တွေကို အင်္ဂါနေ့ ပြန်ဖွင့်မှာ ဖြစ်တယ် လို့လည်း သူက ဆိုပါတယ်။

တကယ်လို့ အဲဒီ စည်းကမ်း တွေကို မလိုက်နာမယ့် ဖက်က မဲအသာ ရရင် မြီရှင်တွေနဲ့ ညှိနှိုင်း ရာမှာ ပို အဆင်ပြေ မယ် လို့ ဂရိ ဝန်ကြီးချုပ် က ဆိုပြီး၊ ဒါကို ဆန့်ကျင်တဲ့ သူတွေ ကတော့ အဲဒီလို မဲ အဖြေထွက် လာရင် ဂရိဟာ ယူရိုငွေသုံး နိုင်ငံတွေ ကနေ နှုတ်ထွက် ရလိမ့်မယ် လို့ ပြောပါတယ်။