မလေးရှားမှာ IS အဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီး

  • 9 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် epa
Image caption IS အဖွဲ့ဝင်တွေလို့ သံသယရှိသူ ၂ ဦးကို မလေးရှား ရဲအဖွဲ့က ဖမ်းဆီး။

မလေးရှား နိုင်ငံ၊ မြို့တော် ကွာလာလမ်ပူမှာ တိုက်ခိုက်မှုတွေ လုပ်ဖို့ ကြံစည်နေတဲ့ IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ရဲ့ အဖွဲ့ဝင်တွေလို့ သံသယရှိသူ ၂ ဦးကို ဖမ်းဆီး လိုက်ကြောင်း မလေးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။

သူတို့ရဲ့ ပစ်မှတ်တွေက အနောက် နိုင်ငံသားတွေ အသွားအလာ များတဲ့ ဖျော်ဖြေရေး နေရာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အဲဒီ လူ ၂ ဦးဟာ ဆီးရီးယားမှာ ရှိတဲ့ IS ခေါင်းဆောင်တွေရဲ့ ညွှန်ကြားချက်တွေကို လက်ခံခဲ့တယ်လို့ ယုံကြည်ရကြောင်း မလေးရှား ရဲချုပ် Tan Sri Khalid Abu Bakar က ပြောပါတယ်။

အဲဒီ ၂ ယောက်ထဲက တစ်ယောက်ဟာ မနှစ်က ဆီးရီးယားမှာ ဒဏ်ရာရပြီး ပြန်လာခဲ့တာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဆီးရီးယားကို သွားရောက်ပြီး IS အဖွဲ့နဲ့ ပူးပေါင်းဖို့ ကြံစည်တယ် ဆိုတဲ့ သံသယနဲ့ ဒါဇင်နဲ့ ချီတဲ့ မလေးရှား နိုင်ငံသားတွေကို ပြီးခဲ့တဲ့ ၁၈ လ အတွင်း အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ