သတိပေးချက်ကြောင့် တူနီးရှားက ဗြိတိသျှတွေ အိမ်ပြန်

  • 10 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ဗြိတိသျှ ခရီးသွားတွေ တူနီးရှားကနေ ထွက်ခွာဖို့ ပြင်ဆင်နေကြ။

တူနီးရှား နိုင်ငံမှာ နောက်ထပ် အကြမ်းဖက် တိုက်ခိုက်မှု ထပ်ဖြစ်နိုင်ဖို့ အလားအလာ များတယ် ဆိုတဲ့ သတိပေးချက်ကြောင့် ထောင်နဲ့ချီတဲ့ ဗြိတိသျှ ခရီးသွားတွေထဲက ပထမ အသုတ်ဟာ ယူကေနိုင်ငံကို ပြန်လည် ရောက်ရှိ လာပါတယ်။

ယူကေ နိုင်ငံခြားရေး ဌာနက ဗြိတိန် နိုင်ငံသား ခရီးသည်တွေကို တူနီးရှားကနေ ထွက်ခွာဖို့ သတိပေးချက် ထုတ်ပြီး ဆော်သြခဲ့တာပါ။

တူနီးရှား အစိုးရကတော့ နိုင်ငံခြားသား ခရီးသည်တွေကို ကာကွယ်ပေးဖို့ အတတ်နိုင်ဆုံး လုပ်ဆောင် ထားတယ်လို့ ဆိုပြီး ယူကေ နိုင်ငံခြားရေး ဌာနရဲ့ သတိပေးချက်ကို ဝေဖန်ခဲ့ပါတယ်။

ယူကေ နိုင်ငံခြားရေး ဌာနကတော့ အန္တရာယ် များလွန်းတဲ့ အတွက် အခုလို သတိပေးချက် ထုတ်ရတာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က တူနီးရှား ကမ်းခြေ အပန်းဖြေစခန်း တစ်ခုမှာ အစ္စလာမ္မစ် သေနတ်သမား တစ်ယောက်က ပစ်ခတ် တိုက်ခိုက် ခဲ့တဲ့အတွက် ယူကေနိုင်ငံသား အများစု အပါအဝင် လူ ၃၈ ယောက် သေဆုံး ခဲ့ပါတယ်။

လောလောဆယ် တူနီးရှားမှာ အပန်းဖြေ ခရီးစဉ်တွေနဲ့ ဗြိတိသျှ ခရီးသွား ၂၅၀၀ ကနေ ၃၀၀၀ လောက် အထိ ရောက်ရှိ နေသလို၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် ခရီးထွက်သူ ၃၀၀ လောက်လည်း ရောက်နေတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ