ဂရိကို ကူငွေတွေ ပေးဖို့ ယူရိုဇုန် သဘောတူပြီ

  • 13 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် AP
Image caption ၁၇ နာရီကြာ ဆွေးနွေးပြီးနောက် သဘောတူညီချက် ရခဲ့ကြ။

ဂရိ နိုင်ငံအပေါ် ငွေကြေး ကူညီရေး ကိစ္စကို ဘရပ်ဆဲလ်မှာ ၁၇ နာရီကြာ ဆွေးနွေးခဲ့ပြီးနောက် အခုတော့ ယူရိုဇုန် ခေါင်းဆောင်တွေက ဂရိကို အကူငွေတွေ ပေးအပ်သွားဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

ယူရို ငွေကြေးသုံးတဲ့ ဥရောပ ဇုန်ထဲကနေ ဂရိနိုင်ငံ ထွက်ခွာရနိုင်တဲ့ အလားအလာကို ရှောင်ကွင်း နိုင်ခဲ့ပြီလို့ ဥရောပ ကော်မရှင် ဥက္ကဋ္ဌ Jean-Claude Juncker က ပြောပါတယ်။

ဥရောပ ကောင်စီက ဂရိကို သုံးနှစ်အတွင်း ၉၅ ဘီလျံ ဒေါ်လာ အထိ ပေးသွားမှာ ဖြစ်ပြီး အပြန်အလှန် အားဖြင့် ဂရိက အခွန် တိုးကောက်ဖို့၊ ပင်စင်ငွေတွေ လျှော့ချဖို့၊ အလုပ်သမား ဥပဒေတွေကို ပြင်ဆင်ပေးဖို့ စတာတွေ လုပ်ရမှာ ဖြစ်ပါတယ်။

ဂရိ ဝန်ကြီးချုပ် Alexis Tsipras ကတော့ ဂရိ အနေနဲ့ နောက်ဆုံးချိန် အထိ တိုက်ပွဲ ဝင်ခဲ့ကြောင်း၊ အခုတော့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချရတော့မှာ ဖြစ်ကြောင်း ပြောပါတယ်။

ယူရိုဇုန် ခေါင်းဆောင်တွေ လိုလားတဲ့ ပြုပြင် ပြောင်းလဲရေး အစီအစဉ်တွေ အတွက် ဂရိ ပါလီမန်က ဗုဒ္ဓဟူးနေ့ နောက်ဆုံးထားပြီး အတည်ပြု ပေးရမှာ ဖြစ်ပါတယ်။

ဂျာမန် ဝန်ကြီးချုပ် အန်ဂယ်လာ မာကဲလ် ကတော့ အခု သဘောတူညီချက် ရပြီ ဆိုပေမယ့် တကယ်တမ်း ငွေတွေ ထုတ်ပေးနိုင်တဲ့ အထိ ဆိုရင် များပြားတဲ့ ညှိနှိုင်းမှုတွေ လုပ်ရဦးမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဥရောပ ဗဟိုဘဏ်က အရေးပေါ် ချေးငွေ ထုတ်ပေးဦးမှာ မဟုတ်တဲ့အတွက် ဂရိ ဘဏ်တွေကို ဗုဒ္ဓဟူးနေ့ ညအထိ ဆက်လက် ပိတ်ထားရဦးမှာ ဖြစ်တယ်လို့ ဂရိ ဝန်ကြီး တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ