အစိုးရတွင်းဝေဖန်မှု ဂရိဝန်ကြီးချုပ် ရင်ဆိုင်နေရ

  • 13 ဇူလိုင် 2015
tsipras
Image caption ဘတ်ဂျက် လျှော့ချရေး မူတွေကို ပါလီမန် က ထောက်ခံ အတည်ပြုဖို့ လွယ်မှာ မဟုတ်။

ဂရိ အနေနဲ့ နိုင်ငံတကာ ရဲ့ ဘဏ္ဍာရေး ကယ်ဆယ်မှု တွေ ထပ်မံ ရရှိ နိုင်ဖို့ရာ စီးပွားရေး ပြုပြင် ပြောင်းလဲ မှု တွေ လုပ်ဆောင် မယ် ဆိုပြီး ကတိပြု ခဲ့ရတဲ့ ဂရိ ဝန်ကြီး ချုပ် အလက်ဆီ ဆီးပရပ်စ် ဟာ သူ့ အစိုးရ အတွင်း ကပဲ သူ့ အပေါ် ဆန့်ကျင် ဝေဖန် နေမှု တွေ တိုးမြင့် ကြုံတွေ့ လာနေရ ပါတယ်။

ဂရိ အင်ဒီပဲန်းဒဲန့် ဆိုတဲ့ ပါတီငယ် တစ်ခု ရဲ့ ခေါင်းဆောင် လက်ရှိ ဂရိ ညွန့်ပေါင်း အစိုးရ အဖွဲ့ဝင် ကာကွယ်ရေး ဝန်ကြီး ပါးန်နော့စ် ကာမေးနော့စ် က မြီရှင် တွေ နဲ့ အကြား နောက်ဆုံး ရရှိလိုက် တဲ့ သဘောတူမှု ဟာ အာဏာ အသိမ်း ခံလိုက် ရသလို ပဲ ဆိုပြီး ပြောပါတယ်။

မစ္စတာ ဆီးပရပ်စ် ရဲ့ ဆီရီဇာ ပါတီ ကိုယ်တိုင် ကလည်း အဲဒီ့ သဘောတူမှု ဟာ ဂရိ နိုင်ငံ အတွက် ရှက်ဖွယ် ဖြစ်တယ် လို့ ဆိုပါတယ်။

မစ္စတာ ဆီးပရပ်စ် လက်ခံ လိုက် တဲ့ သဘော တူညီ မှု အရ အခွန် တိုးမြှင့် ကောက်ခံရေး၊ ပင်စင် ခံစားခွင့် လျှော့ချ ရေး နဲ့ အလုပ်ခန့် မှု ဥပဒေ ပြောင်းလဲ ရေး တွေ ကို ဗုဒ္ဓဟူး နေ့ အမီ ဂရိ ပါလီမန် ကနေ သဘောတူ ခွင့်ပြု ပေးရမှာ ဖြစ်ပါတယ်။

အဲဒီ့ အချက် တွေ အားလုံး ကို ပါလီမန် က ထောက်ခံ အတည်ပြုဖို့ ဆိုတာ လွယ်မှာ မဟုတ် ဘူး ဆိုပြီး ဂရိ အလုပ်သမားရေးရာ ဝန်ကြီး ပါးနော့စ် စကူအာလက်တစ် က သတိ ပေး ထား ပါတယ်။

ဒီ အချိန် မှာပဲ ဂရိ နိုင်ငံကို ဘဏ္ဍာရေး အရ ကယ်ဆယ်ရေး အစီစဉ်အသစ် ကို လက်တွေ့ အကောင်အထည် ဖော်ဖို့ သီတင်း ၄ ပတ် လောက် အချိန် ယူရ နိုင်တယ် ဆိုပြီး ယူရို ငွေကြေး အဖွဲ့ ရဲ့ အကြီးအကဲ ရေယူးန် ဒိုင်ဆယ်လ်ဘလွန်မ် က ဆို လာ ပါတယ်။

ဂရိ နိုင်ငံ ရင်ဆိုင် နေရတဲ့ ဘဏ္ဍာရေး ပြဿနာ တွေ ထဲက အရေးပေါ် အဖြစ်ဆုံး အကြောင်းအရာ တွေကို ကိုင်တွယ်ဖို့ လုပ်ငန်းအဖွဲ့ တစ်ခု ဖွဲ့စည်း ထားတယ် လို့ မစ္စတာ ဒိုင်ဆယ်လ်ဘလွန်မ် က ပြောပါတယ်။

အဲဒီ့ လုပ်ငန်းအဖွဲ့ ဟာ ဂရိဘဏ်တွေ ကို ရေတို အတွက် ငွေကြေးထောက်ပံ့ရေး အကြံပြုချက် တွေ ကို ရေးဆွဲ တင်ပြ ရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ