အီရန် နျူအစီအစဉ် သမိုင်းဝင် သဘောတူညီချက် ရပြီ

  • 14 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် epa
Image caption အီရန် အတွက် နျူလက်နက် ထုတ်နိုင်မယ့် လမ်းစကို ဖြတ်လိုက်နိုင်ပြီလို့ အိုဘားမား ပြော။

အီရန်ရဲ့ နျူကလီးယား အစီအစဉ်တွေကို ထိန်းချုပ် ကန့်သတ်ပြီး၊ အပြန်အလှန် အနေနဲ့ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေနဲ့ အီရန်တို့ သဘောတူညီချက် ရရှိသွားပြီ ဖြစ်ပါတယ်။

အခု သဘောတူညီချက် အရ အီရန် အနေနဲ့ နျူကလီးယား လက်နက် ထုတ်လုပ်နိုင်မယ့် လမ်းစကို ဖြတ်လိုက်နိုင်ပြီလို့ အမေရိကန် သမ္မတ အိုဘားမားက ပြောပါတယ်။

အီရန် သမ္မတ ဟက်ဆန် ရိုဟာနီ ကတော့ ဒီသဘောတူညီချက်ဟာ အီရန်နဲ့ ကမ္ဘာ့ အသိုင်းအဝိုင်းကြား ဆက်ဆံရေးကို ကဏ္ဍသစ် ဖွင့်လှစ် ပေးလိုက်ပြီလို့ ဆိုပါတယ်။

အီရန် နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ အင်အားကြီး ၆ နိုင်ငံ ဖြစ်တဲ့ အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ တရုတ်၊ ရုရှားနဲ့ ဂျာမနီ တို့ဟာ အီရန်နဲ့ ၂၀၀၆ ခုနှစ်ကတည်းက ညှိနှိုင်း ခဲ့ကြတာ ဖြစ်ပါတယ်။

အီရန် အနေနဲ့ နျူလက်နက် ထုတ်လုပ်နိုင်ခြင်း မရှိအောင် သူ့ရဲ့ နျူကလီးယား အစီအစဉ်တွေကို အင်အားကြီး နိုင်ငံတွေက ထိန်းချုပ် ကန့်သတ်လိုကြတာ ဖြစ်ပါတယ်။

ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ပေါ်လစီ ဆိုင်ရာ အကြီးအကဲ Federica Mogherini ကလည်း အခုလို အီရန်နဲ့ သဘောတူညီချက် ရရှိခဲ့တာဟာ ကမ္ဘာကြီး တစ်ခုလုံးအတွက် မျှော်လင့်ချက် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ