အီရန်နျူအစီအစဉ် သဘောတူညီမှု အပေါ် ဝေဖန်

  • 15 ဇူလိုင် 2015
_obama_iran_deal_ ဓာတ်ပုံ မူပိုင် The White House
Image caption အမေရိကန် သမ္မတ အိုဘားမား

ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ နဲ့ အီရန် ရဲ့ နျူကလီးယား အစီအစဉ် ထိန်းချုပ် ကန့်သတ်မှု သဘောတူညီချက် ရသွား တဲ့ အပေါ် မှာ ဝေဖန်မှု တွေ အများအပြား ထွက်ပေါ် လာခဲ့ ပါတယ်။ သမ္မတ အိုဘားမား က ဒီသဘောတူညီမှုကြောင့် အီရန် ဟာ နျူကလီးယား လက်နက်တွေ ထုတ်လုပ် မှာ မဟုတ်တော့ဘူး လို့ ပြောပါတယ်။

ဒီသဘော တူညီချက် အရ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ အီရန် ဟာ နျူကလီးယား လက်နက် ထုတ်လုပ်မှု ရှိမရှိ ဆိုတာ ကို လည်း စစ်ဆေး ကြည်ရှု့ နိုင်ပြီ ဖြစ်လို့ ဒေသတွင်းမှာ နျူကလီးယား လက်နက် ပြန့်ပွားခြင်း ကို တားဆီး နိုင်ပါပြီ လို့ ပြောသွား တာပါ။

အီရန်နိုင်ငံခြားရေး ဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ် ကလည်း ဒီ သဘောတူညီချက် ကြောင့် အီရန် နဲ့ အနောက်အုပ်စု အကြား ဆက်ဆံရေး ပိုမို ကောင်းမွန်လာတဲ့ အပြင် သူ ရှင်းပြတာက အိုင်အက်စ် အစ္စလာမ်မစ် နိုင်ငံ လက်နက်ကိုင် အဖွဲ့ ရဲ့ ချိန်းခြောက်မှု ဟာ လည်း ဆီးရီးယား နဲ့ အီရတ် နဲ့ တင် အကျုံး ဝင်တာ မဟုတ်ပဲ တကမ္ဘာလုံး ကို ခြိမ်းခြောက် နေတာ ဖြစ်လို့ ပူးပေါင်း ဆောင်ရွက် မှ သာ အဓိက အကြမ်းဖက်မှုတွေ ကို တွန်းလှန် နိုင်မှာပါ လို့ ပြောသွား ပါတယ်။

ဒီသဘောတူညီချက် အပေါ် မကျေနပ်တာ ကတော့ အစ္စရေး နဲ့ အမေရိကန် ရီပတ်ဘလစ်ကန် အမတ်တွေ ပါပဲ။ အဆိုပါ သဘောတူညီချက် အရ အနောက်အုပ်စု က အီရန် အပေါ် ချမှတ် ထား တဲ့ ပိတ်ဆို့မှု တချို့ ဖယ်ရှား ပေးရတော့ မှာ မို့ ဒါဟာ အန္တရာယ် ကြီးတယ် လို့ ယူဆ ကြတာပါ။

အမေရိကန် ကွန်ဂရက် လွှတ်တော် မှာ ရက်ပေါင်း ၆၀ အတွင်း ဒီသဘောတူညီချက် ကို အပြန်အလှန် သုံးသပ်ယင်း ပယ်ချ နိုင်သလို သမ္မတ အိုဘားမား ဘက် ကလည်း ဗီတိုအာဏာ သုံးပြီး အတည်ပြုနိုင်လို့ အများ စိတ်ဝင်စားမဲ့ နိုင်ငံရေး အားပြိုင်ပွဲ လို့ ဘီဘီစီ အရှေ့အလယ် ပိုင်းဒေသ ဆိုင်ရာ အယ်ဒီတာ ဂျယ်ရမီ ဘိုဝင် က သုံးသပ် တင်ပြပါတယ်။