နာဆာရဲ့ အာကာသယာဉ် ပလူတိုကို ဖြတ်ကျော်

  • 14 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် epa
Image caption ပလူတိုဂြိုဟ်ကို ဖြတ်ကျော်မှုဟာ အာကာသ စူးစမ်းမှုသမိုင်းမှာ အရေးပါတဲ့ မှတ်တိုင်ဖြစ်။

အမေရိကန် အာကာသ အေဂျင်စီ နာဆာရဲ့ New Horizons လို့ ခေါ်တဲ့ အာကာသယာဉ်ဟာ ပလူတို ဂြိုဟ် အနီးကနေ ပထမဆုံးအကြိမ် ဖြတ်သန်း သွားခဲ့ပြီ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်က လွှတ်တင်ခဲ့တဲ့ အဲဒီ အာကာသယာဉ်ဟာ နေအဖွဲ့အစည်းကို ၉ နှစ် ကြာအောင် ဖြတ်သန်းခဲ့ပြီး၊ အကွာအဝေး ကီလိုမီတာ သန်း ၅ထောင် နီးပါး ခရီးနှင် ခဲ့ပြီးနောက် ပလူတိုဂြိုဟ် အနီး ၁၂၅၀၀ ကီလိုမီတာ အကွာကနေ တစ်စက္ကန့် ၁၄ ကီလိုမီတာ မြန်နှုန်းနဲ့ ကျော်ဖြတ် သွားခဲ့တာပါ။

အချင်း ကီလိုမီတာ ၂၃၇၀ သာ ရှိတဲ့ ပလူတို ဂြိုဟ်ငယ်လေးကို New Horizons က ရောက်ရှိ ဖြတ်သန်းမှုဟာ အာကာသ စူးစမ်းမှု သမိုင်းမှာ ထူးခြား အရေးပါတဲ့ မှတ်တိုင် ဖြစ်ပါတယ်။

နေအဖွဲ့အစည်းကို စူးစမ်းလေ့လာတဲ့ ပဏာမ အဆင့်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကတည်းက စတင်ခဲ့ကြရာမှာ အခုတော့ ပြီးမြောက်သွားပြီ ဖြစ်တယ်လို့ ဒီခရီးစဉ်ရဲ့ ခေါင်းဆောင် Alan Stern က ဆိုပါတယ်။

နေအဖွဲ့အစည်းရဲ့ ဂြိုဟ်ကြီး ၉ လုံးလို့ အများစုက မှတ်ယူကြတဲ့ မာကျူရီကနေ ပလူတို အထိ ဂြိုဟ်အားလုံးကို အခုအခါ လူလုပ် အာကာသယာဉ်နဲ့ ရောက်ရှိ နိုင်ခဲ့တဲ့ မှတ်တမ်းကို စိုက်ထူ နိုင်လိုက်တာ ဖြစ်ပါတယ်။