ငွေကြေးအစီအစဉ်အပေါ် ဂရိ ပါလီမန်အတွင်း ငြင်းခုန်

  • 15 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် AP
Image caption ခြိုးခြံခြွေတာရေး အစီအစဉ်ကို အေသင်မြို့မှာ ဆန့်ကျင် ဆန္ဒပြကြ။

ဂရိနိုင်ငံ အပေါ် ယူရိုဇုန်ရဲ့ ငွေကြေး ကယ်ဆယ်ရေး အဆိုပြုချက်နဲ့ ပတ်သက်လို့ ဂရိ ပါလီမန်မှာ လွှတ်တော် အမတ်တွေ အကြား အပြန်အလှန် ငြင်းခုန်မှုတွေ ဖြစ်နေပါတယ်။

အရင် ဘဏ္ဍာရေး ဝန်ကြီးဟောင်း Yanis Varoufakis က အခု အဆိုပြုချက်ကို ပထမကမ္ဘာစစ် ပြီးတုန်းက ဂျာမနီနိုင်ငံ အထိနာခဲ့တဲ့ ဗာဆိုင်း စာချုပ်နဲ့ နှိုင်းယှဉ် လိုက်တဲ့အတွက် ပါလီမန် အတွင်းမှာ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

လွှတ်တော် အမတ်တွေဟာ အခု ကယ်ဆယ်ရေး အစီအစဉ်သစ်ကို ဒီနေ့မကုန်ခင် နောက်ဆုံးထားပြီး သဘောတူညီမှု ရရမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် အလက်စီ ဆီးပရက်စ်က အခု သဘောတူညီချက်ကို ထောက်ခံပေးကြဖို့နဲ့ သူ့အနေနဲ့လည်း ဒါကို မနှစ်သက်တဲ့အကြောင်း ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF ကတော့ အီးယူဘက်က ဂရိနိုင်ငံအပေါ် အကြွေးတွေကို မလျှော်ပေးသ၍ နောက်ထပ် ငွေကြေးကယ်ဆယ်ရေး လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ