ဝန်ကြီး​ဌာန​တွေ​ရဲ့ ဘဏ္ဍာ​ငွေ သုံးစွဲ​ပုံ​ကို လွှတ်တော်​တွင်း ဝေဖန်

  • 16 ဇူလိုင် 2015
_hluttaw_304x171
Image caption တချို့ ဝန်ကြီး ဌာန တွေ က အဲဒီလို လာရောက် ပြီး ဖြေကြား ခဲ့ ကြ ပေမယ့် လည်း လွှတ်တော် အမတ် တွေ က တော့ မလုံလောက် ဘူး လို့ ယူဆ နေ။

အစိုးရ ဝန်ကြီး ဌာန တွေ က သူတို့ ရရှိထား တဲ့ ဘတ်ဂျက်ငွေ တွေ ကို သုံးစွဲ တဲ့ အခါ လွဲ မှား နေတာ တွေ၊ တပ်ထား တဲ့ ခေါင်းစဉ် နဲ့ မဆီလျော် ပဲ အလွဲ သုံး ထား တာ တွေ အပေါ် ပြည်ထောင်စု လွှတ်တော် ထဲ မှာ ဇူလိုင် ၁၆ ရက် နေ့ က ဆွေး နွေး ခဲ့ ကြ ပါတယ်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ် ရဲ့ ဒုတိယ ခြောက်လ နဲ့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ရဲ့ ပထမ ခြောက်လ အတွက် ဝန်ကြီး ဌာန တွေ ရဲ့ ဘဏ္ဍာငွေ သုံးစွဲ ထား မှု အပေါ် ပြည်ထောင်စု စာရင်းစစ်ချုပ် ရုံး က လွှတ်တော် ကို တင်သွင်း ခဲ့တဲ့ နောက် အခုလို လွှတ်တော် အမတ် တွေ က ထောက်ပြ ဆွေး နွေး ခဲ့ကြ တာ ဖြစ် ပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာန ရဲ့ ပြည်ထောင်စု အဆင့် ဝန်ကြီး ကချင် ပြည်နယ် ကို သွားတုန်း က စစ်ပြေး ရှောင် ဒုက္ခ သည် တွေ ကို လှူဖို့ ကျပ် သန်း ၁၀၀ ထုတ်ယူ ခဲ့ ပေမယ့် နောက်ပိုင်း အလှူ ရှင် ပေါ်ပေါက် လို့ ဆိုပြီး အဲဒီ့ ငွေ တွေ ကို တခြား ခေါင်းစဉ် ၁၁ ခု အောက် မှာ ခွဲဝေ သုံးစွဲ ခဲ့တာ ကို ပြည်ထောင်စု စာရင်းစစ်ချုပ် ရုံး ရဲ့ အစီရင် ခံစာ ထဲ မှာ တွေ့ရ တယ် ဆိုပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က ထောက်ပြ ခဲ့ ပါတယ်။

ဒါ့အပြင် ပညာရေး ဝန်ကြီး ဌာန ဆိုရင် လည်း ကျောင်း ပေါင်း ၁၃၄ ကျောင်း မှာ ရေလောင်း အိမ်သာ ဆောက်ဖို့ အတွက် သုံးစွဲ ထား တဲ့ ငွေ စာရင်း မှာ လည်း စာရင်း စစ်တဲ့ အချိန် ထိ အောင် ၆၇ ကျောင်း အတွက် ပဲ စာရင်း ပြ ထား နိုင် တာ ကို ဒေါ်စန္ဒာမင်း က ဆွေး နွေး ခဲ့ ပါတယ်။

ပြေစာအတု၊ လက်မှတ် အတု တွေ ပြုလုပ်ပြီးငွေ သုံးစွဲ ပြ ထားတဲ့ ဝန်ကြီး ဌာန တွေ ရှိတယ် ဆိုပြီး တော့လည်း ဒေါ်စန္ဒာမင်း ရဲ့ ဆွေးနွေး မှု ထဲ ပါဝင် ပါတယ်။

အဲဒီလို ဒေါ်စန္ဒာမင်း ထောက်ပြခဲ့တဲ့ ပညာရေးဝန်ကြီးဌာန နဲ့ လူ၊ကယ်၊ ပြန် ဝန်ကြီးဌာန ကတော့ တုန့်ပြန် ဖို့ အဆင့်သင့် မဖြစ်သေး တဲ့ အတွက် ပြည်ထောင်စု လွှတ်တော် တွင်း ဖြေရှင်း ချက် မပေး ခဲ့ ပါဘူး။

ပြန်ကြားရေး ဝန်ကြီးဌာ နဲ့ Sky Net ရုပ်သံ တို့ ချုပ်ဆို ထားတဲ့ စာချုပ်အရ နိုင်ငံတော်ကို ပေးဆောင် ရမယ့် အခွန်အခ တွေကို ဝန်ကြီး ဌာန က စည်းကမ်းတကျ တွက်ချက် ကောက်ခံခြင်း မရှိဘူး ဆိုတဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရီ ရဲ့ ထောက်ပြ ဆွေးနွေး မှု ကို တော့ ပြန်ကြားရေး ဒုဝန်ကြီး ဦးပိုက်ထွေး က ပြန်လည် ဖြေရှင်း ခဲ့ ပါတယ်။

Sky Net ရုပ်သံ ရဲ့ မိခင် ကုမ္ပဏီ ဖြစ် တဲ့ ရွှေသံလွင် အနေနဲ့ မူလ စာချုပ် အတိုင်း ၂၈/၇/၂၀၁၃ ကနေ ၃၁/၃/၂၀၁၄ အထိ တစ်လ ကို ကျပ်ငွေ ၃၀.၁ သန်း ပေး ခဲ့ ပြီး၊ နောက်ပိုင်း ပြင်ဆင် ဖြည့်စွက် ခဲ့တဲ့ စာချုပ် သစ် အရ တစ်လ ကို သန်း ၄၀.၄ သန်း နှုန်း နဲ့ ၃ လ တစ်ကြိမ် ပေး နေတယ် ဆိုပြီး ဦးပိုက်ထွေး က ဖြေရှင်း ချက် ပေး ခဲ့ ပါတယ်။

အလားတူ ပဲ ပြန်ထဲရေး ဝန်ကြီး ဌာန နဲ့ ပတ်သက် ပြီးတော့ လည်း အဆောက်အဦး တွေ ဆောက် လုပ် တဲ့ အခါတနေရာ နဲ့ တနေရာ ကုန်ကျစရိတ် တင်ပြ ထား မှု တွေ မတူ မညီ ဖြစ် နေတဲ့ အပေါ်ထောက် ပြ မှု ရှိခဲ့တဲ့ အတွက် ကုန်ကျ ငွေ ဟာ နေရာ ဒေသ အလိုက် ကွဲပြား ရတာ ဖြစ်တယ် ဆိုပြီး ဝန်ကြီး ဌာန ဘက် က တုန့်ပြန် ခဲ့ ပါတယ်။

တချို့ ဝန်ကြီး ဌာန တွေ က အဲဒီလို လာရောက် ပြီး ဖြေကြား ခဲ့ ကြ ပေမယ့် လည်း လွှတ်တော် အမတ် တွေ က တော့ မလုံလောက် ဘူး လို့ ယူဆ နေပြီး နောင် မှာလည်း အလားတူ အမှား မျိုး တွေ မဖြစ် ရအောင် နဲ့ အလွဲသုံး မှု တွေ ရှိ ရင်လည်း တာဝန် ရှိသူ တွေ ကို ဥပဒေ ကြောင်း အရေးယူ တာ တွေ ပြုလုပ် သင့်တယ် ဆိုပြီး ဆွေးနွေး ခဲ့ ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ